ဆောက်သမ်တန်ပွဲကြိုမှာ ကလော့ပ်က အသက် ၂၀ အရွယ် တိုက်စစ်သမား ကာဗာရိုဟာ နွေစျေးကွက်မှာ ထွက်သွားနိုင်ခြေရှိကြောင်း ထုတ်ပြောလာခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြီးတည်းက လီဗာပူးမှာ နေရာမရဖြစ်နေတဲ့ ကာဗာရိုဟာ လေ့ကျင့်ရေးမှာ အလုပ် အကြိုးစားဆုံး၊ အထင်ကြီးဖို့ အကောင်းဆုံး ကစားသမားအဖြစ် ကလော့ပ်က ထုတ်ပြောထားဖူးပါတယ်။ ဒါပေမယ့်လို့ ရုန်းကန်နေရတဲ့ အသင်းမှာ လူငယ်လေးကို နေရာမပေးနိုင်ခဲ့ပါဘူး။
ပရီးမီးယားလိဂ် တန်းတက်ကလပ် ဘန်လေအသင်းဟာ ကာဗာရိုရဲ့ အခြေအနေကို တီးခေါက်နေပြီး လာမယ့်ရာသီအတွက် အပြီးသတ် စာချုပ်နဲ့ဖြစ်ဖြစ်၊ အငှားစာချုပ်နဲ့ဖြစ်ဖြစ် ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။
ဘန်လေအသင်းက ကွင်းလယ်တိုက်စစ်ပိုင်းမှာ စွယ်စုံရ ကစားသမားတစ်ဦး ရှာဖွေနေတာဖြစ်ပြီး ကာဗာရိုက သူတို့ လိုအပ်ချက်နဲ့ အံဝင်မှု ရှိနေပါတယ်။ မနှစ်ကနွေမှာ ဖူလ်ဟမ်ကနေ ပေါင် ၇.၇ သန်းနဲ့ ပြောင်းလာတဲ့ ကာဗာရိုဟ တောင်ပံ နှစ်ဘက်လုံးနဲ့ ကွင်းလယ်တိုက်စစ်မှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။
လီဗာပူးအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲ ကစားခဲ့ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်မှာ အတော်လေး နည်းပါးတဲ့ ပွဲမိနစ်ပဲ ရထားတာကို ကာဗာရိုကလည်း စိတ်ပျက်နေပါတယ်။
ကလော့ပ် ကိုယ်တိုင်ကတော့ “ ဖေဘီယိုက အငှား ဒါမှမဟုတ် အခြားသော အခြေအနေနဲ့ ထွက်သွားဖို့ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ ကြည့်ရမှာပါ။ ဒီရာသီက သူ့အတွက် အကောင်းဆုံး ဘောလုံးရာသီ မဟုတ်ခဲ့ပါဘူး။ ကျနော်အတွက်တော့ ဖေဘီယိုထက် ပိုအထင်ကြီးစရာ ကစားသမား မရှိတော့ပါဘူး။ ဒါက အမှန်အတိုင်း ပြောတာပါ ” လို့ ဆိုသွားခဲ့ပါတယ်။