သီယေဂိုက သူ့ရဲ့ No look pass ဘယ်လို ပေးသလဲနဲ့ စိတ်ကြိုက် ကစားဟန်အကြောင်း ပြောပြလာ

ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ သီယေဂိုဟာ လက်ကျန် ရာသီအတွက် အသင်းရဲ့ ပွဲစဉ်တွေကို အဓိက ကစားသမားအဖြစ် ပြန်လည် ပါဝင်သွားတော့မှာပါ။ အသက် ၃၂ နှစ်အရွယ် ကွင်းလယ်လူဟာ ရာသီကုန်မှာတော့ အသင်းနဲ့ စာချုပ်တစ်နှစ်ကျော် ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။

ဒီရာသီဟာ လီဗာပူးအတွက်ကော သီယေဂိုအတွက်ပါ ဘောလုံးရာသီကောင်း မဟုတ်ပေမယ့်လို့ သူပါခဲ့ရင် အသင်းက နိုင်ပွဲရာခိုင်နှုန်း ပိုကောင်းပါတယ်။ အသင်းဟာ စပိန်လက်ရွေးစင်ရဲ့ တည်ငြိမ်တဲ့ လွှမ်းမိုးမှုနဲ့၊ ထိန်းချုပ်ကစားနိုင်စွမ်းကို သိသိသာသာ လိုအပ်နေခဲ့တာဖြစ်ပါတယ်။

“ ကွင်းထဲမှာ ဘောလုံးကစားနေပြီဆိုရင် တုန့်ပြန်မှုတွေ ဆက်တိုက် လုပ်ရမှာဖြစ်ပြီး အများကြီး တွေးနေလို့ မရပါဘူး။ ကွင်းထဲမှာ ပြေးလွှားနေတာက ကျနော် ကျွမ်းကျင်တဲ့ အရာမဟုတ်ပါဘူး။ ကျနော်က လိုအပ်တဲ့အချိန်မှာ အသင်းကစားပုံကို အရှိန် အတင်၊ အချ လုပ်ပေးဖို့ပါပဲ ” လို့ သီယေဂိုက ဆိုပါတယ်။

သီယေဂိုဟာ လီဗာပူးရဲ့ နောက်ထပ် ကွင်းလယ်မျိုးဆက်သစ်ကို နေရာကျအောင် ကူညီပေးဖို့ တာဝန်ကို ဟန်ဒါဆန်နဲ့အတူ တွဲဘက် ရယူသွားမှာပါ။ သူကပဲ ကိုယ်ပိုင် အမှတ်အသားလို ဖြစ်နေတဲ့ ဘောလုံးပေးမယ့်သူကို မကြည့်ဘဲ ဘောလုံးပေးတဲ့ ကစားဟန်အကြောင်း ရှင်းပြခဲ့ပါတယ်။

သီယေဂိုက “ ဒါက ပြိုင်ဘက်တွေကို လှည့်စားရတဲ့ နည်းလမ်းတစ်ခုပဲလေ။ အဲ့လိုဆို ကျနော်က ပိုကောင်းတဲ့နေရာတစ်ခုမှာ ရှိတဲ့ အသင်းဖော်ဆီ ဘောလုံးပေးလို့ ရသွားတယ်။ ဘောလုံးက ပေးပို့မှုကောင်းကောင်း လုပ်လို့ရတဲ့ အနေအထားမှာ ရှိမရှိဆိုတာ ကြည့်ဖို့တော့ လိုပါတယ်။

မကန်ခင်မှာ တချက်ကြည့်ဖို့လိုပြီး မျက်ဝန်းထောင့်က အမြင်ထဲမှာ ခန္ဓာကိုယ်တစ်ခု လှုပ်ရှားသွားတာ မြင်လိုက်ရင် ပေးလို့ရပြီလို့ ဆုံးဖြတ်လိုက်တာပါပဲ။ ဘာလို့လဲဆိုတော့ အသင်းဖော်ရဲ့ လှုပ်ရှားမှုကို မြင်လိုက်လို့လေ။ သူဘယ်မှာရှိလဲဆိုတာ အတိအကျ သိနေပြီ။

အဲ့တော့ မကြည့်ပဲ ဘောလုံးပေးဖို့အတွက် ဘောလုံးရောက်စေချင်တဲ့ နေရာကို မျက်လုံး ဒါမှမဟုတ် ကိုယ်နေဟန်ထားနဲ့ သိသာစေတာမျိုး မဖြစ်အောင် ရှောင်ကြဉ်ဖို့ လိုပါတယ်။ ပေးတဲ့ အရှိန်နဲ့ ဘောလုံးရရင် အသင်းဖော်က ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ သိရင် သူ့ကို ဘောလုံးပေးရမလား မပေးရဘူးလား ဆုံးဖြတ်လို့ ရပါတယ်။

ကျနော်ကတော့ ရပ်နေတဲ့သူရဲ့ ခြေထောက်ထဲ ပေးရတာထက် ပြေးနေတဲ့ အသင်းဖော်ထံ ပေးရတာကို ပိုကြိုက်တယ်။ ဘာလို့လဲဆိုတော့ ပြေးနေတဲ့အချိန် ဘောလုံးပေးတာက ပိုကောင်းမှာပါ ” လို့ ရှင်းပြသွားခဲ့ပါတယ်။