အသားမကျတဲ့ အဖြေထွက်ပြီး ရာသီသိမ်းပွဲမှာ စွန့်စားမှု ပြုလုပ်ဖွယ် မရှိကြောင်း ကလော့ပ် အသိပေး

ဒီကနေ့မှာတော့ လီဗာပူးအသင်းဟာ ဆောက်သမ်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကို ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဘယ်လိုရလဒ်ပဲ ထွက်ပါစေ လီဗာပူးအသင်းက အဆင့် ၅ နေရာမှာပဲ ရာသီသိမ်းသွားမှာပါ။ ဒါ့အပြင် ဆောက်သမ်တန်အတွက်ကလည်း ဒီပွဲမှာ ဘယ်လိုရလဒ်ပဲ ထွက်ထွက် တန်းဆင်းရမှာဖြစ်ပါတယ်။

ဒီနှစ်တွေမှာ လီဗာပူးအသင်းဟာ နောက်ဆုံးသော ရာသီသိမ်းပွဲထိ ခက်ခဲစွာ ယှဉ်ပြိုင်ရလေ့ ရှိတာမို့ အခုလို အဖြေထွက်နေပြီး နောက်ဆုံးပွဲဟာ အထူးအဆန်း ဖြစ်နေကြောင်း ကလော့ပ်က ဝန်ခံလာခဲ့ပါတယ်။

ကလော့ပ်ကပဲ “ နောက်ဆုံးပွဲ မကန်ခင် ကိစ္စအားလုံး အဖြေထွက်ထားပြီး ဒီလို အခြေအနေကို ကျနော်လည်း အသားမကျသေးပါဘူး။ ပွဲအားလုံးကို ကစားမှ အဖြေထွက်တာမျိုးကိုပဲ ကျနော် ပုံမှန် ရင်ဆိုင်ထားရတာပါ ဒါပေမယ့် ဒီပွဲကို အနိုင်ရဖို့ လိုပါတယ် ” လို့ ပြောပါတယ်။

လီဗာပူးဟာ ဒီရာသီ နောက်ဆုံး ကစားထားတဲ့ အမှတ်ပေးပွဲ ၁၀ ပွဲဆက်တိုက် မရှုံးထားပါဘူး။ ဒါကြောင့် ရလဒ်အရ မရေးမကြီးတော့တဲ့ နောက်ဆုံးပွဲဆိုရင်တောင် စံချိန်ကောင်းအတွက် အနိုင်ရဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် စံချိန်ထက် ကစားသမားတွေ ကြံ့ခိုင်စွာ ရာသီသိမ်းဖို့ကလည်း အရေးကြီးနေပြန်ပါတယ်။

“ ကျနော်အတွက် တကယ်ကို အသစ်အဆန်းကြီးပါပဲ။ ဒါက ရာသီသိမ်း ဖိုင်နယ်ပွဲဖြစ်လို့ အနိုင်ရဖို့ လိုပါတယ်။ ဒါပေမယ့် ကျနော် ကိစ္စတိုင်းကို မှန်မှန်ကန်ကန်ပဲ ဖြစ်စေချင်တယ်။ ဒီတော့ မဆုံးဖြတ်ရသေးပါဘူး။

မှန်ကန်တဲ့အသင်း တစ်သင်းကို ပွဲထုတ်လိုပေမယ့် အပြင်ဘက် ကမ္ဘာကြီးရဲ့ အခြေအနေက ရှိပါတယ်။ ကျနော်ကတော့ ကီလိုမီတာ ၁၁၀-၁၁၂ လောက် ပြေးပြီး စိန်ခေါ်မှု အားလုံးကို ရင်ဆိုင်မယ့် အသင်းကို ပွဲထုတ်လိုတာပေါ့။ ကစားသမားတွေကို စွန့်စားမှု မလုပ်စေချင်လို့ အဲ့လို ကစားဖို့ကလည်း သိပ်အဓိပ္ပာယ်မရှိဘူး ဖြစ်နေပါတယ် ” လို့ ကလော့ပ်က ပြောပြခဲ့ပါတယ်။

ဒီအပတ်ပွဲပြီးရင် လီဗာပူးကစားသမားတွေက ၄ ပတ်ကျော် အနားရဖို့ ရှိပါတယ်။ ဒီကြားထဲ နိုင်ငံတကာပွဲ သီတင်းပတ် အချို့လည်း ရှိနေပါတယ်။ ပေါ့ပေါ့ပါးပါး ကစားပြီး ရာသီသိမ်းမလား နိုင်ပွဲအတွက် အပြင်းအထန် အားထုတ်စေမှာလားက ဒီညပွဲမှာ မြင်ကြရပါလိမ့်မယ်။