လာမယ့်ရာသီ နူညက်ထံက မြင်ရမယ့် စိတ်လှုပ်ရှားစရာတွေနဲ့ ကွင်းလယ်လူ ၂ ဦး ခေါ်ယူရေး ကိစ္စ ၂၀၀၁ ဖလား ၃ လုံး ချန်ပီယံဟောင်း သုံးသပ်ပြလာ

လီဗာပူးမှာ ဒါဝင်နူညက်ရဲ့ အခြေအနေကို သူ့ရဲ့ ပြောင်းရွှေ့ကြေးနဲ့ တိုင်းတာရမှာ မဟုတ်ဘူးလို့ ကစားသမားဟောင်းကြီး မားကပ် ဘက်ဘယ်က ဆိုပါတယ်။

လီဗာပူးရဲ့ ၂၀၀၁ ခုနှစ် သမိုင်းဝင် ဖလား ၃ လုံးအောင်မြင်မှုမှာ အသင်းသားဖြစ်ခဲ့ဖူးတဲ့ ဘက်ဘယ်က နူညက်ဟာ ဘင်ဖီကာကနေ ကလပ်စံချိန်တင်ကြေးနဲ့ ပြောင်းလာပြီးကတည်းက စိန်ခေါ်မှုများတဲ့ ရာသီတစ်ခုကို ရင်ဆိုင်ခဲ့ရပေမယ့် အနာဂတ်မှာ တိုးတက်လာနိုင်ဆဲ လူငယ်တစ်ယောက်လို့ မှတ်ချက်ပေးခဲ့တယ်။

အသင်းလိုက် ရုန်းကန်နေရမေယ့် ဥရုဂွေးလက်ရွေးစင်ဟာ ပြိုင်ပွဲစုံ ၂၄ ကြိမ် ပွဲထွက်ခွင့်မှာ ၁၅ဂိုး ရယူပေးထားတာပါ။ နူညက်ရဲ့ ပွဲဦးထွက်ရာသီဟာ ညံ့ဖျင်းတယ်လို့ အကဲဖြတ်လို့ မရသလို အရမ်းကောင်းတယ်လို့တော့ ပြောလို့ မရပါဘူး။

ဘက်ဘယ်ကပဲ “ နူညက်က လူငယ်ကစားသမားပဲ ရှိသေးတယ်ဆိုတာ မေ့လို့မရဘူး။ ပရီးမီးယားလိဂ်မှာ အသားကျဖို့ အချိန်နည်းနည်း လိုအပ်တယ်။ ပြီးတော့ ဒီယက်ဇ်၊ ဂက်ပိုနဲ့ ဆာလာတို့နဲ့အတူ လီဗာပူးမှာ ဒုံးကျည်လေးလုံး ရှိနေတာ။ နူညက်က သူ့အကြိုက် မဟုတ်တဲ့ နေရာမှာ ဆက်ကစားရတာ ဖြစ်ပါတယ်။

လီဗာပူးတို့ အဆင်မပြေဖြစ်နေချိန်မှာ သူပြောင်းလာမိတာကြောင့်လည်း ပါတယ်။ သူ့ပြောင်းရွှေ့ကြေးက မြင့်သလောက် မျှော်လင့်ချက်တွေက မြင့်မားခဲ့တာကိုး။ လူငယ်တစ်ယောက်အတွက် ဒါက မလွယ်ခဲ့ဘူး။ သူက လမ်းကြောင်းမှန်ပေါ် ရှိနေပြီးသား။ နောက်ရာသီမှာ သူ့အတွက် ပိုလွယ်သွားပါလိမ့်မယ် ” လို့ ထောက်ပြခဲ့တယ်။

လီဗာပူးဟာ အရည်အသွေးရှိတဲ့ ကွင်းလယ်လူနှစ်ယောက် ခေါ်ဖို့လိုတယ်လို့လည်း ဘက်ဘယ်က ယုံကြည်နေပါတယ်။ အကောင်းဆုံးနှစ်တွေ အများကြီး အလားအလာရှိတဲ့ လူငယ်တစ်ယောက်နဲ့ ဂျိမ်းစ်မီနာ နေရာမှာ အစားထိုးနိုင်တဲ့ ကွင်းလယ်လူ တစ်ယောက်ကို ဆိုလိုတာပါ။

“ သူတို့က မီလ်နာကို အစားထိုးမယ့် ကွင်းလယ်လူတစ်ယောက်နဲ့ အနာဂတ်အတွက် ကွင်းလယ် ရင်းနှီးမြုပ်နှံမှုတစ်ခု လုပ်မယ်ထင်တယ်။ သူတို့မှာ ကာတစ်ဂျုံးစ်၊ ဟာဗေး အဲလီယော့၊ ဘာ့ဆီတစ်တို့လို ကိုယ်ပိုင် လူငယ်ပါရမီရှင်တွေလည်း ရှိပါတယ်။ ၂၀၂၃-၂၄ရာသီမှာ လီဗာပူးက ထိပ်တန်းကွင်းလယ်လူတွေ ပိုင်ဆိုင်သွားဦးမှာပါ ” လို့ အကောင်းမြင်နေတာပဲ ဖြစ်ပါတယ်။