ကလော့ပ်ဘက်က ဆွဲထားလိုပေမယ့် အသင်းဘက်က စာချုပ် မပေးလိုတော့ကြောင်း မီလ်နာ ဖွင့်ပြော

ဂျိမ်းမီလ်နာဟာ ဒီရာသီကုန်ရင် လီဗာပူးကနေ အလွတ်ဖြင့် ထွက်ခွာမှာဖြစ်ကာ ဒါက ကလပ်ဘက်က ဆုံးဖြတ်ချက်ကြောင့်လို့ ကွင်းလယ်လူက ထုတ်ပြောလာပါတယ်။

ယာဂင်ကလော့ပ်ဟာ သူ့ရဲ့ အသင်းသားတွေကို ဦးဆောင်နိုင်မယ့် ခေါင်းဆောင် အဖြစ် မီလ်နာကို ယုံကြည်ဆဲဖြစ်ပြီး စာချုပ်သစ် ပေးလိုခဲ့တာပါ။ ဒီရာသီမှာ အသင်းအတွက် ဆက်ကစားနေတဲ့ မီလ်နာအတွက် မနှစ်ကလည်း လုပ်ခပိုင်း လျော့ချမှု ပါဝင်တဲ့ တစ်နှစ် သက်တမ်းတိုးမှု လုပ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ကလပ်ဘက်ကတော့ မီလ်နာကို ဆက်မထိန်းထားတော့ဘဲ အပြောင်းအလဲတွေကို ပြုလုပ်ဖို့ အချိန်တန်ပြီလို့ ယူဆကာ ကလော့ပ်ဘက်က တောင်းဆိုမှုကို ငြင်းဆန်ခဲ့ပါတယ်။

မီလ်နာက ပြောပြရာမှာ “ မန်နေဂျာနဲ့ အားလုံး အဆင်ပြေပါတယ်။ သူက ကျနော်ကို ကစားသမားအဖြစ် ဆက်ထိန်းလိုခဲ့ပါတယ်။ ကလပ်ဘက်ကတော့ အခြားနည်းလမ်း လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော်ကလည်း အခုက အသင်းက ထွက်ဖို့ အချိန်ကောင်းလို့ ခံစားရပြီး ကျေနပ်ပါတယ်။

အရင် ၃ ပတ်လောက်ကမှ အသင်းကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျနော် ကိုယ်တိုင်ကပဲ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးတော့ ဆက်ကစားဦးမှာပါ။ ဒီတော့ အန်ဖီးကွင်းကို ပြိုင်ဘက်အဖြစ် ပြန်ရောက်လာဦးမှာပါ။ အဲ့လိုတော့ ရည်ရွယ်ထားတာပေါ့ ” လို့ ဖြစ်ပါတယ်။

ကလပ်ဘက်ကတော့ ဒီရာသီ ပွဲပေါင်း ၄၂ ပွဲမှာ ပွဲကစားချိန် ၁၁၉၅ မိနစ် ရခဲ့တဲ့ မီလ်နာကို သက်တမ်းတိုးမယ့်အစား ဘာ့ဆီတစ်၊ ကာတစ်ဂျုံး ဒါမှမဟုတ် ဟာဗေးလို လူငယ်တွေကို နေရာပိုပေးဖို့ ဆုံးဖြတ်ခဲ့ဟန် ရှိပါတယ်။

ကလော့ပ်ဟာ အဝတ်လဲခန်း ခေါင်းဆောင်နေရာမှာ မီလ်နာကို ဆက်မြင်လိုပေမယ့် လက်ရှိ လီဗာပူး လူစာရင်းဟာ အသက် ၃၀ အထက် အသင်းသားတွေ သိပ်များလာနေတာမို့ ကလပ်ရဲ့ ဆုံးဖြတ်ချက်ကလည်း မှားယွင်းတယ်လို့ ပြောလို့ မရတာဖြစ်ပါတယ်။