

လီဗာပူးအသင်းဟာ မကြာခင်မှာတော့ ရာသီသစ်အတွက် ကစားသမားသစ် စုဆောင်းမှု လုပ်ငန်းစဉ်တွေကို အရှိန်တင်နိုင်ဖို့ အားထုတ်လာတော့မှာ ဖြစ်ပါတယ်။
ကွင်းလယ်ကို အဓိက အားဖြည့်မယ့် လီဗာပူးအသင်းဟာ မက်အယ်လစ္စတာ၊ မေဆန်မောင့်တို့ကို သဘောကျထားပါတယ်။ သူတို့ နှစ်ဦးကို ခေါ်ယူရေး အင်္ဂလန်ပြည်တွင်း ကလပ်တွေကလည်း အပြိုင် စိတ်ဝင်စားပေမယ့် လီဗာပူးအသင်းနဲ့ သတင်းကြီးတွေ ထွက်ထားခဲ့ပြီး ဖြစ်ပါတယ်။
သူတို့ နှစ်ဦးဟာ ဖာဘင်ညိုရဲ့ တွဲဘက်တွေအဖြစ် ညာခြမ်းနဲ့ ဘယ်ခြမ်း ကွင်းလယ်လူ နေရာတွေမှာ တိုက်ရိုက် ပါဝင်သွားနိုင်ပါတယ်။ မောင့်ကို ညာတောင်ပံ နေရာအတွက် အသုံးပြုနိုင်သေးသလို အယ်လစ္စတာကိုတော့ ဖာဘင်ညိုနဲ့ နံပါတ် ၆ နှစ်ဦးတွဲအဖြစ် အသုံးပြုနိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်မှ ဂရာဗင်ဘက်ချ်ကလည်း အသင်းရဲ့ ပစ်မှတ် ဖြစ်ပါတယ်။
ကလော့ပ်ဟာ ကွင်းလယ်အပြင် ခံစစ်မှူး နေရာအတွက်လည်း လူသစ်ရလိုကြောင်း သိထားရပြီး စပို့တင်း အသင်းမှ အသက် ၂၁ နှစ်အရွယ် ပေါ်တူဂီသား ခံစစ်မှူး အန်နာဆီယိုနဲ့ သတင်းထွက်ထားပါတယ်။ အန်နာဆီယိုဟာ မာတစ်လို ဘောလုံးပေးမှု အတော်လေး ကောင်းမွန်ပြီး သူ့ရဲ့ စာချုပ်မှာ ယူရို ၄၅ သန်းပေးရင် ခေါ်ယူခွင့် ပါဝင်ပါတယ်။
အန်နာဆီယိုဟာ ဘယ်ခြေသန် ခံစစ်မှူးဖြစ်ပေမယ့် ကလပ်အဆင့်မှာ ညာခြမ်းခံစစ်မှူး ပေါ်တူဂီ ယူ-၂၁ အသင်းမှာ ဘယ်ခြမ်း ခံစစ်မှူးနေရာတွေမှာ ကစားနေသူမို့ ဗန်ဒိုက်နေရာကော ကိုနတေး နေရာမှာပါ ကစားပေးနိုင်ပါတယ်။ ဒါ့အပြင် ၃ ယောက်တန်း ခံစစ်နဲ့ပါ အံဝင်ပါလိမ့်မယ်။
အယ်လစ္စတာအတွက် ယူရို သန်း ၇၀ ကျသင့်နိုင်ပြီး မေဆန်မောင့်အတွက်လည်း တူညီတဲ့ ပမာဏ ကျသင့်နိုင်ပါတယ်။ ဂရာဗင်ဘက်ချ်အတွက် ယူရို သန်း ၃၀ ဝန်းကျင် သုံးရမှာမို့ ကလပ်ရဲ့ ပစ်မှတ် ၄ ဦးကို ခေါ်ယူဖို့ဆိုရင် ယူရို သန်း ၂၀၀ ကျော် သုံးရပါလိမ့်မယ်။
လီဗာပူးအသင်းမှာ အင်အားအတောင့်တင်းဆုံး နေရာက တိုက်စစ်ပိုင်းဖြစ်ပြီး ဖာမင်နို ထွက်ခွာသွားရင်တောင် ဆာလာ၊ ဂျိုတာ၊ ဂက်ပို၊ ဒီယက်စ်နဲ့ ဒါဝင်တို့ ၅ ဦး ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။
လာမယ့်ရာသီ ဖြစ်လာနိုင်ဖွယ် ပွဲထွက် ၁၁ ဦး လူစာရင်း
- ဂိုး- အယ်လီဆန်
- ခံစစ်- ထရန့်၊ ကိုနတေး၊ ဗန်ဒိုက်၊ အန်နာဆီယို
- ကွင်းလယ် – မောင့်၊ ဖာဘင်ညို၊ အယ်လစ္စတာ
- တိုက်စစ် – ဆာလာ၊ ဂက်ပို၊ ဒီယက်စ်