လီဗာပူးအသင်းဟာ ဒီနွေမှာ ကစားသမား အင်အားဖြည့်မှုတွေ ပြုလုပ်ဖို့ ရှိသလို အချို့သော ကစားသမားတွေကိုတော့ သူတို့ရဲ့ တက်လှမ်းအတွက် အသင်းသစ်တွေထံ ကူးပြောင်းခွင့် ပေးသွားနိုင်ပါတယ်။
အပြောင်းအရွှေ့ စျေးကွက်မှာ လီဗာပူးအသင်း ရောင်းချသွားမယ်လို့ သတင်းကြီးနေတဲ့ ကစားသမားအချို့နဲ့ သူတို့ရဲ့ တန်ကြေးကို ဖော်ပြသွားမှာဖြစ်ပါတယ်။
ဂိုးသမား
အသက် ၂၄ နှစ်အရွယ် ကလယ်ဟာကို ခေါ်ယူဖို့ လန်ဒန်ကလပ် ၃ သင်းက စိတ်ဝင်စားနေပါတယ်။ လီဗာပူးကတော့ သာမာန် စျေးနှုန်းလောက်နဲ့ ဂိုးသမားလေးကို လက်လွတ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ လောက်ဆိုရင်၊ ပုံမှန် ပွဲထွက်ခွင့်ကြောင့် ကလယ်ဟာဘက်က စိတ်ဝင်စားမယ်ဆိုရင် ထွက်ခွင့်ပေးဖွယ် ရှိပါတယ်။
ခံစစ်
ဩဂုတ်လမှာ အသက် ၃၂ နှစ်ပြည့်မယ့် မာတစ်ကို လီဗာပူးဘက်က ပေါင် ၁၅ သန်းလောက်နဲ့ ရောင်းချလိုပါတယ်။ နက်ဖီးလစ်၊ ရွိုင်းဝီလီယမ်တို့ နှစ်ဦးကိုလည်း ရောင်းချမှာဖြစ်ပြီး နှစ်ဦးပေါင်းအတွက် ပေါင် ၁၅ သန်း ဝန်းကျင်လောက် အသင်းဘက်က ရည်မှန်းထားပါတယ်။
ကွင်းလယ်
ဘလက်ဘန်းအသင်းကို တစ်ရာသီ အငှားထွက်နေတဲ့ မော်တန်နဲ့ ကလာဆန်တို့ ပြန်ရောက်လာမှာဖြစ်ပြီး သူတို့ နှစ်ဦးလုံးဟာ ရောင်းထုတ်ခံရနိုင်တဲ့ ကစားသမား စာရင်းထဲ ပါဝင်နေပါတယ်။ မော်တန်အတွက် ပေါင် သန်း ၂၀ နဲ့ ကလာဆန်အတွက် ပေါင် ၁၀ သန်းတို့ တောင်းဆိုနိုင်ပြီး ရာသီကြိုမှာတော့ စီနီယာအသင်းမှာ သူတို့ ပါဝင်သွားဦးမှာပါ။
တိုက်စစ်
တိုက်စစ်ပိုင်းအတွက် လက်တလောမှာ ကာဗာရိုကို အင်္ဂလန်ပြင်ပ ကလပ်ထံ ရောင်းချနိုင်ပါတယ်။ မနှစ်ကနွေမှာ သူ့ကို ပေါင် ၇.၇ သန်းဖြင့် ခေါ်ယူခဲ့တာဖြစ်ပြီး အဲ့ထက် နည်းတဲ့ ပမာဏနဲ့တော့ အသင်းပြောင်းခွင့်ပေးမှာ မဟုတ်ပါဘူး။ လူငယ်တွေထဲမှာတော့ စတီးဝပ်ကို ရောင်းချနိုင်ပါတယ်။