အကြောင်းရင်း တစ်ချက်ကြောင့် ချယ်ဆီးရဲ့ မေဆန်မောင့်ကို လီဗာပူး မခေါ်စေချင်ဘူးလို့ အဲဒရစ် ဆို

လီဗာပူးအသင်းဟာ ဒီနွေမှာ အဓိက ကွင်းလယ်လူ ခေါ်ယူမှု နှစ်ခု ပြုလုပ်ဖွယ်ရှိကာ ဘရိုက်တန်ကနေ အယ်လစ္စတာကို လက်မှတ်ထိုးဖို့ အရေးသာပေမယ့် မေဆန်မောင့်အတွက်တော့ မျှော်လင့်ထားသလို အဆင်မပြေပါဘူး။

ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်တို့ကလည်း မေဆန်မောင့်ကို ခေါ်ယူလိုနေကြတယ်။ Homegrown ကစားသမား ဖြစ်တဲ့အပြင် ပွဲထွက်လူစာရင်းကို စိန်ခေါ်နိုင်ခြင်း၊ ငယ်ရွယ်သေးခြင်း၊ နေရာစုံ သုံးနိုင်ခြင်းတွေကြောင့် မောင့်က စျေးကွက်မှာ လူကြိုက်များခံနေရပါတယ်။

ဒါပေမယ့်လို့ ကစားသမား တစ်ယောက်က လီဗာပူးကို ပြောင်းဖို့ထက် မန်ယူနိုက်တက်ထံ စိတ်ရောက်နေခဲ့ရင် မခေါ်ယူသင့်တော့ဘူးလို့ အသင်း တိုက်စစ်သမားဟောင်း ဂျွန်အဲဒရစ်က မြင်ပါတယ်။ သူကတော့ အယ်လစ္စတာကို သဘောကျထားကာ မောင့်ကိုယ်တော့ ကလော့ပ်ရဲ့ စနစ်မှာ အံဝင်ပါ့မလား သံသယရှိနေပါတယ်။

ဂျွန်အဲဒရစ်က ” လီဗာပူးကို ကျော်ပြီး မန်ယူနိုက်တက်ထံ ပြောင်းလိုတဲ့ ကစားသမား တစ်ယောက်ကို ကျနော်ကတော့ မလိုချင်ဘူး။ အဲ့လိုအတွေးရှိနေရင် ခေါ်ကို မခေါ်သင့်တာ။ မေဆန်မောင့်က ကစားသမားကောင်းပါ၊ သူက အရည်အချင်းလည်း ရှိပါတယ်။ ဒါပေမယ့် ကလော့ပ်ရဲ့ စနစ်မှာ သူက ဘယ်နေရာမှာ အံဝင်မှာလဲ မသိနိုင်ပါဘူး။

ကျနော်ကတော့ ဘယ်လင်ဟမ်ကို ခေါ်ယူစေချင်ခဲ့တာပါ အခုတော့ အဲ့တာက မဖြစ်လာနိုင်တော့ပါဘူး။ ကျနော်တို့မှာ အသုံးစရိတ် မရှိဘူးလေ။ စိတ်ပျက်စရာပေါ့။ သူ့ကို အသင်းတိုင်းကလည်း လိုချင်တာကိုး။ လီဗာပူးရဲ့ ပေါ်လစီအရ သူ့ကို ခေါ်ဖို့က မဖြစ်နိုင်တော့ဘူး။

ဒါပေမယ့် ဘယ်သူ့ကိုပဲ ခေါ်ခေါ်ပါ ကလော့ပ်ကို ယုံကြည်ပါတယ်။ အသုံးစရိတ် အကန့်အသတ်ရှိပြီး ကလော့ပ်က ဒီလို အကန့်အသတ်တွေနဲ့ အလုပ်လုပ်ရတာပါ။ ဒီတော့ သူဘာလုပ်နိုင်မလဲ ကျနော်တို့ စောင့်ကြည့်ကြတာပေါ့။

ကျနော်က ယာဂင်ကလော့ပ်ကို ယုံပါတယ်။ အယ်လစ္စတာကလည်း ကစားသမားကောင်းပါ။ ဒီရာသီကော ကမ္ဘာ့ဖလားမှာပါ သူသိပ်ကောင်းခဲ့တယ်။ ကျနော်တို့ ခေါ်မယ့် အဓိက ကွင်းလယ်လူ ၂ ဦးထဲက တစ်ဦးက သူဖြစ်လာပါလိမ့်မယ်။ သိပ်ကောင်းတဲ့ အရည်အချင်း ပို်င်ရှင်ပေါ့ ” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ပထမအပတ်မှာတော့ လီဗာပူးပရိသတ်တွေဟာ သတင်းကောင်း ကြားရနိုင်တယ်လို့ အသံတွေ ထွက်နေတာပဲ ဖြစ်ပါတယ်။