(🎥) The Anfield Road အမိုး တစ်ခြမ်း အောင်မြင်စွာ ဖြုတ်ပြီးခဲ့ပြီ ဖြစ်ပါတယ်။

အန်ဖီးကွင်းရဲ့ အဓိက ပွဲကြည့်စင် ၄ ခုထဲက တစ်ခုဖြစ်သလို လက်တလော တိုးချဲ့ တည်ဆောက်နေတဲ့ The Anfield Road stand ရဲ့ အဓိက စိန်ခေါ်မှု တစ်ခုက အောင်မြင်စွာ ပြီးမြောက်ဖို့ နီးကပ်လာပါပြီ။

Anfield Road ဘက်ခြမ်းက တည်ဆောက်မှုတွေမှာ အမိုးဟောင်းကို ဖြုတ်သိမ်းဖို့က စိန်ခေါ်မှု တစ်ခုဖြစ်နေပြီး တကယ်တမ်းမှာ ၂၀၂၂ ကမ္ဘာ့ဖလား ကာလအတွင်း လုပ်ဆောင်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့်လို့ ကွင်းမြက်ခင်းပြင် ပြန်ကောင်းလာဖို့ အချိန်ယူရနိုင်တာမို့ အခုလို နွေထိ စောင့်ဆိုင်းခဲ့ပါတယ်။

မနေ့ကတော့ အမိုးဟောင်းရဲ့ တဝက်ကို ဖြတ်ထုတ်ပြီး အန်ဖီးကွင်းထဲ ချနိုင်ခဲ့ပြီဖြစ်ပါတယ်။ မကြာခင်မှာတော့ ကွင်းပြင်ကို ထုတ်သွားမှာဖြစ်ပြီး လက်ကျန် အမိုးတဝက်ကိုလည်း အစီအစဉ် အတိုင်း ရှင်းထုတ်သွားမှာပါ။

ဇွန်လနဲ့ ဇူလိုင်လတွေမှာ တည်ဆောက်မှုတွေကို အပြီးသတ်နိုင်ဖို့ ကြိုးစားမှာဖြစ်ပေမယ့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အဖွင့်ပွဲမှာတော့ အဝေးကွင်း ကစားခွင့်ပေးဖို့ အသင်းဘက်က ပရီးမီးယားလိဂ်ကို တောင်းဆိုထားပါတယ်။

အစီအစဉ် အတိုင်း ပြီးမြောက်ခဲ့ရင် လာမယ့်ရာသီ ပွဲစဉ် ၂ ကို အိမ်ကွင်း အန်ဖီးမှာ ဧည့်ခံ ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ Anfield Road ပွဲကြည့်စင်သစ်ကြောင့် ထိုင်ခုံ ၇၀၀၀ ဝန်းကျင် ပိုတိုးလာကာ အသင်းသမိုင်းမှာ ပရိသတ် ဝင်ဆံ့မှု အများဆုံးအဖြစ် ၆၀၀၀၀ ကျော် ဝင်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။

ထိုင်ခုံသစ်တွေထဲက ၁၀၀၀ ကို တစ်ရာသီစာ လက်မှတ် အဖြစ် ရောင်းချပေးမှာဖြစ်ပြီး ၃၀၀၀ ကိုတော့ အထွေထွေဝင်ခွင့် လက်မှတ်တွေအဖြစ် သတ်မှတ်ပေးမှာဖြစ်ပါတယ်။ နောက်ထပ် ၃၀၀၀ ကိုတော့ ဘယ်လို သုံးမလဲဆိုတာကို ကလပ်က မကြေညာသေးပါဘူး။