အယ်လစ်စတာ၊ ဂရာဗင်ဘက်ချ် ကိုယ်စားလှယ်တွေနဲ့ လီဗာပူးကြား အစည်းအဝေး စတင်နေပါပြီ

လီဗာပူးရဲ့ ကစားသမား ခေါ်ယူရေးအဖွဲ့ဟာ ဘရိုက်တန် ကွင်းလယ်လူ အယ်လစ်စတာ၊ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်တို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ အဆင့်မြင့် အစည်းအဝေးတွေ စတင်နေပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ အပြောင်းအရွှေ့ ကိစ္စတွေကို တိုးတိတ်စွာ လုပ်ဆောင်လေ့ရှိပေမယ့် ဒီတလောမှာတော့ သတင်းတွေကို မထိန်းသိမ်းနိုင်ဘဲ ဖြစ်နေပါတယ်။ ဒါကလည်း အတ်ဝပ် မရှိတော့သလို ဂျူလီယန်ဝတ်ပါ ထွက်တော့မှာမို့ အားကစားဒါရိုက်တာ မရှိခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်နိုင်ပါတယ်။

အယ်လစ်စတာဟာ ဘရိုက်တန်ကနေ သေချာပေါက် ထွက်ခွာမှာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ ကလပ်တွေထဲမှာ လီဗာပူးက ထိပ်ဆုံးက ပါဝင်နေပါတယ်။ အသင်းဟာ ကစားသမားနဲ့ မကြာခင်မှာ တိုက်ရိုက်စကားပြောမှု ပြုလုပ်သွားဖို့ ရှိနေပါတယ်။

အသင်းရဲ့ ပစ်မှတ်များစွာထဲမှာ အယ်လစ်စတာက ထိပ်ဆုံးတစ်နေရာက ရှိထားသလို သူ့ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးလည်း ရှိနေပေမယ့် ပြောင်းရွှေ့ကြေးတော့ ခပ်များများ ထုတ်ရပါမယ်။

နောက်ထပ် ချိတ်ဆက်နေတာက ဘိုင်ယန်မြူးနစ်မှ ဂရာဗင်ဘက်ချ်ဖြစ်ပါတယ်။ နယ်သာလန်သားရဲ့ ဖခင်နဲ့ လီဗာပူး တာဝန်ရှိသူတွေ စကားပြောထားပေမယ့် သူ့ကို ခေါ်ယူဖို့ကတော့ အာမခံချက် မရှိပါဘူး။

ကစားသမားက ဘိုင်ယန်မှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် ပွဲကစားခွင့် ရလိုနေပါတယ်။ ဒါပေမယ့်လို့ ဘိုင်ယန်ဘက်က ဂရာဗင်ဘက်ချ်ဟာ တိုးတက်လာနိုင်တဲ့ အလားအလာရှိသူအဖြစ် မြင်ထားပြီး လာမယ့်ရာသီ သူတို့အသင်းမှာ ဆက်ထိန်းထားဖို့ရာ ရောင်းရန်မဟုတ်ကြောင်း တံဆိပ်ကပ်လိုနေပါတယ်။

ရာသီကုန်ရင် ဘိုင်ယန်မြူးနစ်နည်းပြ တူချယ်နဲ့ ဂရာဗင်ဘက်ချ်တို့ စကားပြောမှာပါ။ သူဟာ ဘိုင်ယန်မှာ ဆက်နေတာ ဖြစ်လာနိုင်သလို အသင်းပြောင်းတာမျိုးလည်း ဖြစ်နိုင်နေဆဲပါပဲ။

နောက်ထပ် အပြောင်းအရွှေ့ သတင်းဆိုရင်တော့ မေဆန်မောင့်နဲ့ ဂါလယ်ဂါကို လီဗာပူးက ချိန်ရွယ်ထားပြီး ကြိုးစားမှု စတင်ထားပြီလို့တော့ မယူဆရပါဘူး။ ချယ်ဆီးက မောင့်ကို စာချုပ်သစ်ပေးဖို့ အရင် ကြိုးစားဦးမှာဖြစ်ပါတယ်။ မရတော့မှ သူ့ကို ထုတ်ရောင်းဖွယ်ရှိပါတယ်။

ချယ်ဆီးဟာ မောင့်အတွက် ပေါင် သန်း ၇၀အပြင် ဂါလယ်ဂါအတွက် ပေါင် ၄၅ သန်း အလိုရှိပါတယ်။ လီဗာပူးဘက်က အဲ့စျေးတွေတော့ မပေးလောက်ပါဘူး။