ကာဗာရိုကို အပြီးသတ် ဝယ်ယူဖို့ ကမ်းလှမ်းထားတဲ့ ချန်ပီယံလိဂ် ကလပ် နာမည် ဖော်ထုတ်ခံခဲ့ရပါပြီ

နောက်ရာသီ လီဗာပူးအသင်းမှာ မရှိနိုင်ကြောင်း ခန့်မှန်းခံထားရတဲ့ အသက် ၂၀ အရွယ် တိုက်စစ်သမား ကာဗာရိုကိုတော့ အင်္ဂလန်ပြည်တွင်းကကော ပြည်ပကပါ ကမ်းလှမ်းမှုတွေ လုပ်ထားပါတယ်။

ဒီအပတ်အတွင်းမှာပဲ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ့် ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းဟာ ကာဗာရိုကို အပြီးသတ် ခေါ်ယူခွင့်အတွက် ကမ်းလှမ်းမှု လုပ်ခဲ့တယ်လို့ The Times သတင်းထောက် Paul Joyce က ဖော်ပြလာခဲ့တယ်။

ကစားသမားအတွက် လိုက်ဇစ်ရဲ့ ကမ်းလှမ်းမှုဟာ ပမာဏ ဘယ်လောက်လဲတော့ မသိရပေမယ့်လို့ လီဗာပူးဘက်က “လှောင်ပြောင်ခံရတဲ့ ကမ်းလှမ်းမှုအဖြစ် ပယ်ချခဲ့တယ်” လို့လည်း ဖော်ပြသွားပါတယ်။

လိုက်ဇစ်ဟာ ‘big-money’ ကမ်းလှမ်းမှု လုပ်ခဲ့တာဆိုပေမယ့် မနှစ်ကနွေမှာ ဖူလ်ဟမ်ကနေ ဆယ်ကျော်သက်လေးကို လီဗာပူး ခေါ်ယူစဉ် ပေးခဲ့ရတဲ့ ပေါင် ၇.၇ သန်းထက် ပိုများတဲ့ ပမာဏဖြင့် ကမ်းလှမ်းခဲ့သလားတော့ မသိရပါဘူး။

Joyce က ဆက်လက် ဖော်ပြရာမှာ လီဗာပူးဘက်က တိုက်စစ်သမားကို အပြီးသတ်ဖြင့် ရောင်းထုတ်ပေးမှာ မဟုတ်ဘဲ အငှားကမ်းလှမ်းမှုတွေကိုသာ နားထောင်ပေးမယ်လို့ ဆိုပါတယ်။ ကာဗာရိုဟာ အနာဂတ်မှာ ပုံမှန် ပွဲထွက်ခွင့် ရနိုင်သူလို့ ကလပ်ဘက်က မြင်ထားပြီး ကလော့ပ်ကတော့ တိုက်စစ်သမားနဲ့ ဆွေးနွေးမှု လုပ်သွားဦးမှာပါ။

ဒီကနေ့မှာပဲ လီဗာပူးအသင်းက အားကစားဒါရိုက်တာသစ်အဖြစ် ဂျော့ ရှမတ်ကီကို ခန့်အပ်ခဲ့ပြီမို့ ကာဗာရိုအတွက် သင့်လျော်တဲ့ ကမ်းလှမ်းမှုတွေကို ၎င်းကပဲ တာဝန်ယူ ကိုင်တွယ်ပေးသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။