

လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာသစ် အဖြစ် ဂျော့ရှမတ်ကီကို ခန့်အပ်ကြောင်း တရားဝင် ထုတ်ဖော်လိုက်ပြီ ဖြစ်ပါတယ်။
နိုဝင်ဘာမှာတည်းက ရာသီကုန်ရင် အသင်းကနေ ထွက်မယ်လို့ ဂျူလီယန်ဝတ်ဘက်က ပြောဆိုထားတာဖြစ်ပြီး ရှမတ်ကီဟာ သူ့ရဲ့ နေရာကို ၃ လ တာဝန်ယူသွားမှာပါ။ ဒီနွေစျေးကွက်မှာ ကိစ္စတွေ တိုးတက်တယ်ဆိုရင်၊ အလုပ်ဖြစ်မယ်ဆိုရင် နောက်ထပ် သက်တမ်းတစ်ခု ဆက်လက် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။
“ အားကစားဘုတ်အဖွဲ့ ဒါမှမဟုတ် အားကစားဒါရိုက်တာက အပြောင်းအရွှေ့ကို တာဝန်ယူတဲ့ ဂျာမနီမှာထက် အင်္ဂလန်မှာက နည်းပြတွေကို အပြောင်းအရွှေ့ လှုပ်ရှားမှုတွေအတွင်း ပိုမိုပါဝင်ခွင့် ပေးထားပါတယ်။ ဘယ်အရာတွေကို ဦးစားပေးရမယ် ဆိုတာကို ကလော့ပ်က သတ်မှတ်မှာပါ။
ဒေတာ စိစစ်သူတွေ၊ ကင်းထောက်တွေနဲ့ ကျနော်တို့ အလုပ်တွဲလုပ်ရပါမယ်။ ထွက်လာတဲ့ လူစာရင်းထဲက ကလော့ပ်က သူကြိုက်တဲ့ ကစားသမားကို ရွေးထုတ်မှာပါ။ ပြီးရင် ကျနော်က ကလပ်တွေနဲ့ ပစ်မှတ်တွေကို ချဉ်းကပ်မှု ပြုလုပ်ပါမယ်။ ပြီးရင်တော့ ပိုင်ရှင်တွေက ရင်းနှီးမြုပ်နှံမှုကို ကျေနပ်မှု ရှိရပါမယ်။
ကျနော်က ဇွန်လ ၁ ရက်နေ့မှာ အလုပ်စဝင်ပါမယ်။ အချင်းချင်း သဘောကျမှုရှိရင် နောက်ပိုင်း စျေးကွက်တွေထိ ဆက်ပြီး လက်တွဲကြပါမယ်။ ကျနော်တို့ ဆက်ပြီး လက်တွဲဖြစ်မလားတော့ ကြည့်ကြတာပေါ့ ” လို့ ရှမတ်ကီက ဂျာမနီသတင်းဌာနကို ပြောခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့တွေကို မိုက်ဂေါ်ဒန်၊ ဘီလီဟိုဂန်၊ ကစားသမား ခေါ်ယူမှုဆိုင်ရာ အကြီးအကဲ ဒေ့ဖယ်လိုး၊ ကင်းထောက်ချုပ် ဘယ်ရီဟန်သာတို့နဲ့အတူ ရှမတ်ကီက ပါဝင်သွားမှာပါ။ ဒါပေမယ့်လို့ အပြောင်းအရွှေ့အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်ကို ကလော့ပ်က ဆုံးဖြတ်ခွင့် ရပါလိမ့်မယ်။
ကလော့ပ်ကြိုက်တဲ့ ကစားသမားကို ကလပ်ဘက်က မီးစိမ်းပြရင် ညိနှိုင်းဖို့ကို ရှမတ်ကီက အဓိက တာဝန်ယူမှာဖြစ်ပြီး သူဟာ ဂျာမနီစျေးကွက်ဘက်ကို အဓိက ကိုင်တွယ်မယ်လို့လည်း သိထားရတာ ဖြစ်ပါတယ်။