ဘွန်ဒက်လီဂါကလပ် မိုချန်ဂလာဘတ်အသင်းမှ အသက် ၂၂ နှစ်အရွယ် ပြင်သစ်သား ကွင်းလယ်လူ မန်နူကူနေးဟာ လီဗာပူးရဲ့ စာရင်းထဲမှာ ရှိနေတယ်လို့ ရိုမန်နိုက ဆိုပါတယ်။ ကစားသမားအတွက် ယူရို ၄၅ သန်း ဝန်းကျင် ကျသင့်နိုင်ပြီး ကလပ်ဘက်က သူ့ရဲ့ အခြေအနေကို တီးခေါက်မှုပါ လုပ်ထားပြီ ဖြစ်ပါတယ်။
လီဗာပူးနဲ့ သတင်းထွက်နေတဲ့ ခံစစ်မှူး ကွန်ဒီက လာမယ့်ရာသီ သူ ဘာစီလိုနာမှာပဲ ဆက်ရှိနေမှာပါလို့ ပြောဆိုသလို ဇာဗီကလည်း ခံစစ်သမားကို ဆက်ထိန်းထားမယ်လို့ ပြောပါတယ်။
ဂျာမာန်သတင်းတွေမှာ လီဗာပူးနဲ့ သတင်းချိတ်ပေးထားဖူးတဲ့ ဘိုင်ယန်မြူးနစ် ခံစစ်သမား ပါဗက်ဟာ စာချုပ်သစ် မချုပ်ဘဲ ဒီနွေမှာ အသင်းပြောင်းမှာ ဖြစ်ပါတယ်။ သူ့ဟာ လာလီဂါဘက်ကို ရောက်နိုင်တယ်လို့ သတင်းကြီးနေပါတယ်။
လီဗာပူးအသင်းဖော်တွေဟာ အာသာနဲ့တကွ ဒီနွေမှာ ထွက်ခွာမယ့် အခြားသော ကစားသမားတွေအတွက် သူတို့ရဲ့ သီးသန့် အစီအစဉ်နဲ့ ဂုဏ်ပြုမှု လုပ်ပေးခဲ့ကြပါတယ်။
ဆောက်သမ်တန် ကွင်းလယ်လူ ရိုမီယို လာဗီယာအတွက် လီဗာပူးဘက်က တရားဝင် ချိတ်ဆက်မှု မလုပ်သေးပေမယ့်လို့ သူ့ကို ခေါ်ယူလိုတဲ့ ကလပ် ၄ သင်းထဲက တစ်သင်းအဖြစ် နာမည်စာရင်း ပေါက်နေပါတယ်။
ပြင်သစ်သတင်းဌာန L’ÉQUIPE ကတော့ လီဗာပူးအသင်းဟာ ယူရို သန်း ၆၀ တန်ကြေးရှိတဲ့ OGC Nice ကွင်းလယ်လူ တူဟမ်ကို စတင် ညိနှိုင်းနေပြီလို့ ဆိုပါတယ်။
ဂျော့ရှမတ်ကီ လီဗာပူးအသင်းကို အားကစားဒါရိုက်တာသစ်အဖြစ် ရောက်လာတာဟာ ဘိုင်ယန်မြူးနစ်ကနေ ဂရာဗင်ဘက်ချ်ကို ခေါ်ယူရေးအတွက် သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဂျာမာန်သားကြီးဟာ ဘွန်ဒက်လီဂါမှာ ဆယ်စုနှစ် ၂ ခုကြာ ကျင်လည်ခဲ့သူ ဖြစ်ပါတယ်။
Anfield Road End ပွဲကြည့်စင် အမိုးဟောင်း ဖြုတ်သိမ်းမှုဟာ တစ်ဝက် ပြီးမြောက်ခဲ့ပြီဖြစ်ကာ အဆင်ပြေပြေ ဖြစ်ထားပါတယ်။
လီဗာပူးအသင်းဟာ နက်ဖီးလစ်နဲ့ မာတစ်တို့ကို ဒီနွေမှာ ရောင်းထုတ်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း အသင်းနဲ့ နီးစပ်သူတွေက ထုတ်ပြောလာပါတယ်။