လီဗာပူးဟာ မကြာသေးမီက ရက်တွေအတွင်း ရိုင်ယန် ဂရာဗင်ဘက်ချ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုကို အရှိန်မြှင့်တင်လာခဲ့တာပါ။ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူက ဘယ်လို ကစားသမားလဲ? သူက ဘယ်လိုနည်းနဲ့ အသင်းမှာ ဝင်ဆံ့နိုင်မလဲ? နည်းနည်းလောက်တော့ လေ့လာကြည့်ရအောင်ပါ။
ကလပ်ဟာ ပေါင် ၂၅ သန်းတန် ကစားသမားရဲ့ ဖခင်နဲ့ အေးဂျင့်ဖြစ်သူတို့နဲ့အတူ နယ်သာလန်မှာ စကားပြောဆိုမှု လုပ်ထားပါတယ်။ ဒါဟာ ဒီနွေရာသီ ကွင်းလယ်အသစ် ပြုပြင်ပြောင်းလဲမယ့် အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး နယ်သာလန်သားဟာ အသင်းထဲ ရောက်လာမယ့် လူသစ်တွေထဲက တစ်ဦး ဖြစ်လာနိုင်ပါတယ်။
ရိုင်ယန် ဂရာဗင်ဘက်ချ်က ဘယ်သူပါလိမ့်
မေလကျမှာ ၂၁ နှစ်ပြည့်မယ့် ဂရာဗင်ဘက်ချ်ဟာ ၁၆နှစ်ကတည်းက အေဂျက်မှာ စတင်ကစားခဲ့ပြီးတော့ စီနီယာအဆင့်မှာ ၅နှစ်နီးပါး ရှိနေခဲ့တာပါ။ ၂၀၁၈ တုန်းက ပီအက်စ်ဗွီနဲ့ပွဲမှာ ပွဲဦးထွက်ခဲ့ပြီး နယ်သာလန်လိဂ်မှာ ကစားခွင့်ရတဲ့ အသက်အငယ်ဆုံး အေဂျက်ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။
အေဂျက်အကယ်ဒမီထွက်ဟာ အမ်စတာဒန်မှာ အဓိက ကစားသမားတစ်ယောက် မြန်မြန် ဖြစ်လာခဲ့တာပါ။ လေးရာသီအတွင်း ၁၀၃ ပွဲ ကစားခဲ့ပြီးတော့ ၁၂ဂိုးသွင်း၊ ၁၃ဂိုး ဖန်တီးခဲ့ပြီးနောက် မနှစ်က နွေရာသီမှာ ပေါင် ၂၁ သန်းနဲ့ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ခဲ့ပါတယ်။ ဂရာဗင်ဘက်ချ်ဟာ ၂၀၂၁ မှာ နယ်သာလန် လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ကစားခဲ့ပါတယ်။
သူက ဘယ်လိုကစားသမားမျိုးလဲ..
‘ကျွန်တော်က လူကောင်ကြီးသလို နည်းစနစ်လဲကောင်းတဲ့ ကစားသမားမျိုးပါ”လို့ ဘိုင်ယန်ကို ပြောင်းလာပြီးနောက်မှာ ၎င်းက ရှင်းပြခဲ့ပါတယ်။ အရပ် ၆ပေ ၃လက်မရှိတဲ့ သူဟာ အေဂျက်ရော ဘိုင်ယန်မှာပါ ဗဟိုကွင်းလယ်လူအနေနဲ့ အသုံးချခံခဲ့ရပြီး သောမတ်စ်တူချယ်ကတော့ သူဟာ နံပါတ် ၈ နေရာမှာ အတော်ဆုံးလို့ ဆိုပါတယ်။
“ ဂရာဗင်ဘက်ချ်က ကျွန်တော်တို့အသင်းအတွက် အများကြီး လုပ်ပေးမယ့်သူပါ။ ဥရောပရဲ့ အကြီးမားဆုံး ပါရမီရှင်တွေထဲက တစ်ယောက်ဖြစ်ပြီး ထိပ်တန်းအဆင့် နည်းစနစ် အရည်အသွေးရှိတယ်။ ကျပ်တည်းတဲ့ နေရာတွေကြားထဲ အမြဲတမ်း ရုန်းထွက်နိုင်ပြီး သိပ်ကို လျင်မြန်အားကောင်းတဲ့ ဂိုးခြိမ်းခြောက်မှုတစ်ခုလဲ ဖြစ်ပါတယ်”လို့ ဘိုင်ယန် အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်က ပြောခဲ့ပါတယ်။
ရာသီကြိုအတွင်း ဘိုင်ယန်အသင်းဖော် ဂျိုရှူဝါ ကင်မစ်ချ်ကလည်း ဂရာဗင်ဘက်ချ်ဆီက ဘောလုံးဆုံးရှုံးတာ မြင်ရဖို့ ခဲယဉ်းတယ်လို့ ရှင်းပြခဲ့ပါတယ်။
ဂရာဗင်ဘက်ချ်ဟာ ဖြစ်နိုင်သမျှအချိန်တိုင်း ဘောလုံးကို အရှေ့ပဲ ပို့ဖို့ ကြိုးစားနေတတ်တဲ့ တိုက်စစ်အားသန်တဲ့ ကွင်းလယ်လူဖြစ်ပြီး အချက်အလက်တွေအရ မက်အယ်လစ်စတာနဲ့ သိပ်တူပါတယ်။
အားသာချက်နဲ့ အားနည်းချက်တွေက ဘာဖြစ်မလဲ..
သူက ဘောလုံးသယ်ပေးတဲ့သူ၊ ပြိုင်ဘက်လမ်းကြောင်းတွေကို ဖြိုခွဲတဲ့ နံပါတ်၈ အနေနဲ့ အကောင်းဆုံးဖြစ်ပြီး နံပါတ် ၆ နေရာကနေ ကစားကွက် တည်ဆောက်ဖို့ အနောက်ကို ဆင်းဆော့ပေးနိုင်သူလည်း ဖြစ်ပါတယ်။
သူဟာ ဂိုးသွင်းတဲ့သူမျိုးတော့ မဟုတ်ပေမယ့် အဓိက ကျတဲ့ တိုက်စစ် လှုပ်ရှားမှုတွေ မတိုင်ခင် ဘောလုံးသယ်ဆောင်လာပေးသူ ဖြစ်နိုင်ပါတယ်။ သူဟာ ဂိုးပေါက် ကန်သွင်းမှုနဲ့ ဖန်တီးမှု များပေမယ့် ဘောလုံးမရှိချိန် သူ့ရဲ့ လုပ်အားနှုန်းနဲ့ ပတ်သက်လို့ စိုးရိမ်စရာတော့ရှိနေပြီး ဘိုင်ယန်နည်းပြတွေဟာ သူ့ရဲ့ ခုခံကာကွယ်မှု ကစားပုံမှာ ပြဿနာရှိနေတယ်လို့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
လီဗာပူးမှာ ဘယ်နေရာနဲ့ အံဝင်မလဲ..
ဒီရာသီ ဘိုင်ယန်မှာ ၄ပွဲသာ ပွဲထွက်ခဲ့ရပြီး ကစားချိန် ၇၁၁ မိနစ်သာ ရထားတာနဲ့အတူ သူဟာ တိုးတက်ဖို့ ကြိုးစားနေဆဲပါ။ ဒါပေမယ့် ကလော့ပ်ရဲ့ ကွင်းလယ်မှာ လစ်လပ်နေတဲ့ နေရာကြီးကရှိနေပြီး နံပါတ် ၈ တစ်ယောက်အနေနဲ့ ပုံစံခွက်ထဲ အံဝင်နိုင်ပါတယ်။
ဒါပေမယ့် ဘောလုံးမရချိန် သူ့ရဲ့ လုပ်အားနှုန်းအပေါ် သံသယတွေအတွက် လီဗာပူးက ဂရုစိုက်ဖို့လိုပြီး အချိန်ယူ သင်ပြပေးလို့ရပါတယ်။ အဲ့ဒီ့နောက်ပိုင်း အေဂျက်မှာ မျှော်လင့်ခဲ့သလိုမျိုး ကမ္ဘာ့အဆင့် ကွင်းလယ်လူအဖြစ် သူတိုးတက် အောင်မြင်လာမယ်လို့ ထင်ရပါတယ်။