ပြီးခဲ့တဲ့အပတ်တွေက ထရန့်ကို ညာအစွန်ကနေ ကွင်းလယ် နံပါတ် ၆ နေရာကို ဝင်ကစားနေစေတဲ့ ကလော့ပ်ရဲ့ နည်းဗျူဟာ အပြောင်းအလဲမှာ ကိုနတေးဟာ အဓိကကျတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။
ညာခြမ်းခံစစ်မှူးဟာ ထရန့် ထားခဲ့တဲ့ ညာအစွန် ခံစစ်ပိုင်းကို ပိုပြီး တာဝန်ယူပေးဖို့ ဖြစ်လာခဲ့ပါတယ်။ လီဗာပူး ခံစစ်ကလည်း ၃ ယောက်တန်းပုံစံ ဖြစ်လာခဲ့ပြီး ကိုနတေးနဲ့ ထရန့် ဘယ်လောက် အတွဲညီသလဲဟာ လီဗာပူးခံစစ် ဟာကွက် ဘယ်လောက် ကြီးမားမလဲအတွက် သက်ရောက်မှု ရှိလာနိုင်ပါတယ်။
“ နည်းပြက ကျနော်ကို အနည်းငယ်ကွဲပြားတဲ့ တာဝန်တစ်ခုကို လုပ်ခိုင်းတဲ့အခါ ကျွန်တော့်မှာ ဘာစိုးရိမ်မှုမှ မရှိပါဘူး။ အသင်းရဲ့ ကစားပုံကို ဆုံးဖြတ် အဖြေရှာရတာက နည်းပြအလုပ်ပဲ။ ကျွန်တော်တို့ရဲ့ ကစားကွက်ကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်၊ မလိုအပ်ဆိုတာက နည်းပြရဲ့ ဆုံးဖြတ်ချက်အတိုင်းပါ။
အသင်းကို ကူညီပေးဖို့ ကြိုးစားရတာမှာ နည်းပြ ဘယ်နေရာထားထား ကျွန်တော် လုပ်ပေးမှာပဲ။ ထရန့်ဟာ သိပ်တော်တဲ့ ကစားသမားဆိုတာ အားလုံးသိပါတယ်။ ပြိုင်ဘက်နဲ့ သူပိုနီးလေလေ ခြိမ်းခြောက်မှု ဖန်တီးနိုင်လေလေပါ။
ဒါပေမယ့် ကျွန်တော်ကလည်း လူသား တစ်ယောက်ဆိုတော့ တချိန်လုံးတော့ အဲ့ဘက်မှာ သူ့ကို မကာပေးနိုင်ဘူးပေါ့။ သူက ခံစစ်ရော တိုက်စစ်မှာပါ အရည်အသွေးနဲ့ ပါရမီ များစွာရှိတဲ့ ပြည့်စုံတဲ့ ကစားသမားတစ်ယောက်ဆိုတာ ကျွန်တော်တို့ သတိရဖို့လိုတယ်။
တချိန်လုံး ကျွန်တော် သူ့နေရာကို မကာကွယ်ပေးနိုင်တာမို့လို့ သူ့အနေနဲ့ သူ့ရဲ့ ခံစစ်တာဝန်တွေကိုလည်း မေ့မှာ မဟုတ်ပါဘူး ” လို့ ကိုနာတေးက ပြောဆိုခဲ့တာဖြစ်ပါတယ်။
ကလော့ပ်ကလည်း လီဗာပူးရဲ့ ဖန်တီးရှင်အဖြစ် ခြေစွမ်းပြနေတဲ့ ထရန့်ရဲ့ စွမ်းဆောင်ရည်ကို အထင်ကြီးနေပါတယ်။
“ အဓိကနေရာကတော့ နူညက်ကို နောက်ဆုံးပေးလိုက်တဲ့ ပေးပို့မှုပဲ။ ဒါပေမယ့် သူက အဲ့နေရာကနေ ဖန်တီးပေးပို့မှုတွေ နည်းနည်းပိုပြီး ရခဲ့ပါတယ်။ ထရန့်က ဘယ်နေရာပဲ ရောက်ရောက် သူ့ရဲ့ ပေးပို့မှုတွေက အဆုံးအဖြတ် ဖြစ်စေနိုင်တယ် ” လို့ ကလော့ပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။