ဖောရက်စ်ပွဲမှာ ဆာလာဟာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ ၁၈၃ ဂိုးမြောက် သွင်းဂိုးကို ရယူခဲ့ကာ ကလပ်သမိုင်းမှာ သွင်းဂိုးအများဆုံး ကစားသမား စာရင်းထဲ ဖောင်လာနဲ့ တန်းညီခဲ့ပြီ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ နောက်ထပ် စိတ်ပျက်စရာ ပွဲစဉ် တစ်ပွဲကို ရင်ဆိုင်ရလု ဖြစ်ခဲ့ပေမယ့် ဆာလာရဲ့ ထူးချွန်တဲ့ အဆုံးသတ်မှုဟာ အနိုင် ၃ မှတ်ကို ရစေခဲ့တာနဲ့အတူ လာမယ့်ရာသီ ဥရောပဝင်ခွင့် တစ်နေရာအတွက် မျှော်လင့်ချက်တွေကို သယ်ဆောင်ပေးလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နွေကမှ လီဗာပူးနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသလို ကလပ်သမိုင်းမှာ အမြင့်ဆုံး လုပ်ခရှင် ဖြစ်လာတဲ့ ဆာလာဟာ အသင်းကို ဆုဖလား စိန်ခေါ်မှု လမ်းကြောင်းပေါ် ဆွဲမတင်ပေးနိုင်ခြင်းအတွက် များစွာ ဝေဖန်ခံခဲ့ရပါတယ်။
ဒီရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၃၈ ဂိုးအတွက် ပါဝင်ပတ်သက်ထားတဲ့ ဆာလာဟာ ပရီးမီးယားလိဂ်မှာတော့ ၁၆ ဂိုးထိ ရရှိထားပြီ ဖြစ်ပါတယ်။ နှစ်တိုင်းမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ အနည်းဆုံး မျှော်လင့်လို့ရတဲ့ ဆာလာဟာ ကလပ်အတွက် အရေးကြီးဆုံး အချိန်မှာ ဂိုးတွေကို ဆက်တိုက် ရယူလာနေပါပြီ။
အခုမှ အသက် ၃၀ ပဲ ရှိသေးတဲ့ ဆာလာဟာ ဒီနွေမှာ မာနေး ထွက်သွားခြင်း၊ အဓိက ကစားသမားတွေ ဒဏ်ရာကြောင့် ရုန်းကန်နေရခြင်း၊ တွဲဘက်သစ်တွေဖြင့် စတင် ကစားရခြင်း ဆိုတဲ့ အကြောင်း အမျိုးမျိုးအောက်မှာ ဂိုးတွေ သွင်းဖို့ ရုန်းကန်ရခြင်းနဲ့အတူ စာချုပ်သစ်နဲ့ မထိုက်တန်သူဆိုတဲ့ စွပ်စွဲချက်တွေ ပိုင်ဆိုင်ခဲ့တယ်။
ဒါပေမယ့် လီဗာပူးအသင်း တကယ်လိုအပ်လာချိန်မှာ ဆာလာရဲ့ အကောင်းဆုံး ခြေစွမ်းတွေက ပြန်လည် တောက်ပလာခဲ့တယ်။ ဒီကနေ ရာသီကုန်ထိ ပွဲတိုင်းကို အနိုင်ရဖို့ လိုအပ်နေတဲ့ အသင်းအတွက် အနိုင်ဂိုးတွေ သွင်းယူပေးဖို့ ဆာလာက စိတ်ဆန္ဒ ပြင်းပြနေမယ်လို့ ယုံကြည်ရတာ ဖြစ်ပါတယ်။