လီဗာပူးအသင်းဟာ ကွင်းလယ်လူသစ် ရှာဖွေမှုအတွက် များစွာသော ကစားသမားတွေကို စောင့်ကြည့်ခဲ့အပြီးမှာ လိုက်ဇစ်မှ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူ ဆိုဘိုစလိုက်ကို ခေါ်ယူဖို့ သဘောတူညီမှု ရတော့မှာ ဖြစ်ပါတယ်။
မနေ့ညကပဲ ကွင်းလယ်လူအတွက် ယူရို သန်း ၇၀ ဖြင့် ခေါ်ယူခွင့်ကို အသက်သွင်းဖို့ လီဗာပူးနဲ့ လိုက်ဇစ်ကြား စကားပြောမှု ပြုလုပ်ခဲ့ကာ အခြေအနေ ကောင်းမွန်ခဲ့ပါတယ်။ ဒီတော့ ဒေါ့မနစ် ဆိုဘိုစလိုက်က ဘယ်လို ကစားသမားမျိုးလဲ ရှာဖွေကြည့်ကြရအောင်ပါ။
ဒေါမနစ် ဆိုဘိုစလိုက်
ဟန်ဂေရီမှာ မွေးဖွားခဲ့တဲ့ ဆိုဘိုစလိုက်ဟာ ၂၀၂၁ မှာ ဆဲလ်ဘက်အသင်းကနေ လိုက်ဇစ်အသင်းကို ရောက်ရှိခဲ့ပါတယ်။ ဩစတြေးလျ ဒုတိယတန်းလိဂ်မှာ အသက် ၁၇ နှစ်တည်းက စတင် ပွဲထွက်ခဲ့ပြီး အခုချိန်မှာ လိုက်ဇစ်အသင်းရဲ့ အဓိက ကစားသမား ဖြစ်လို့ နေပါတယ်။
အသက် ၂၂ နှစ်နဲ့တင် ဟန်ဂေရီ လက်ရွေးစင်အသင်းကို ဦးဆောင်နေသူမို့ ခေါင်းဆောင်မှု၊ တာဝန်ယူမှုနဲ့ ပတ်သက်လာရင် အရည်အချင်း မနည်းပါဘူး။
အရပ် ၆ ပေ ၁ လက်မမြင့်တဲ့ ဆိုဘိုစလိုက်ဟာ ဆဲလ်ဘတ်အသင်းနဲ့အတူ အမှတ်ပေးဖလား ၄ ကြိမ် အနိုင်ရခဲ့ကာ လိုက်ဇစ်မှာတော့ DFB Pokal ဖလားကို ၂ ရာသီဆက် အနိုင်ရခဲ့ပါတယ်။
ကွင်းလယ်တိုက်စစ်သမားဖြစ်ပြီး ကွင်းလယ် နေရာစုံ ကစားနိုင်ပါတယ်။ သန်မာတဲ့ ပြေးလွှားသူတစ်ယောက်ဖြစ်ကာ ဂိုးတွေအတွက် အဆုံးသတ်သူအဖြစ်လည်း တာဝန်ယူနိုင်ပါတယ်။ ကွင်းလယ်ကနေ သူ ဂိုးသွင်းပေးတာမျိုးကို လီဗာပူးအသင်း အလိုရှိမှာ ဖြစ်ပါတယ်။
ဘယ်လို ကစားဟန်မျိုး မျှော်လင့်နိုင်သလဲ
ဆဲလ်ဘက်မှာကော လိုက်ဇစ်မှာပါ ကွင်းလယ်လူကို နည်းပြဖူးတဲ့ ဂျက်ဆီမက်ကတော့ ” ဆိုဘိုစလိုက်ရဲ့ နေရာမှာ အချို့ကစားသမားတွေက သန်မာတယ်၊ အချို့က နည်းစနစ်ကောင်းတယ်။ အချို့က ခံစစ်ပိုင်း ကာကွယ်တတ်ပြီး အချို့က အများကြီး ပြေးနိုင်တယ်။ ဒါပေမယ့် ဆိုဘိုစလိုက်ကတော့ အဲ့အရည်အချင်း အားလုံးကို ပေါင်းစပ် ပိုင်ဆိုင်ထားတယ် ” လို့ ဆိုပါတယ်။
သတင်းထောက်တစ်ဦးဖြစ်တဲ့ Sam McGuire ကတော့ ဆိုဘိုစလိုက်ဟာ ညာခြမ်း ကွင်းလယ်လူအပြင် ရှေ့ကို ပိုတက်ကစားရတဲ့ တာဝန်ကိုပါ ရယူနိုင်သူလို့ ဆိုပါတယ်။ ဒါဟာ ထရန့်က အတွင်းလူနေရာ ဝင်ကစားခဲ့ရင် ညာခြမ်းမှာ ဆာလာ တစ်ဦးတည်း ရုန်းနေရတဲ့ တာဝန်တွေကို ထမ်းယူပေးမယ့် ကစားသမား တစ်ဦးကို လီဗာပူးအသင်း ရလိုက်ခြင်း ဖြစ်လာပါလိမ့်မယ်။
ဘယ်လောက် ကုန်ကျသလဲ
လီဗာပူးဟာ ဇွန်လ ၃၀ ရက်နေ့မှာ သက်တမ်းကုန်မယ့် စာချုပ်ပါကြေး ယူရို သန်း ၇၀ ကို ပေးဖို့ သဘောတူခဲ့တယ်လို့ သိရတယ်။ အဲ့ကြေးမှ မဟုတ်ရင် လိုက်ဇစ်ဘက်က ညိနှိုင်းမှုလုပ်ဖို့ လက်မခဲဘူးလို့ သိရပေမယ့် နောက်ထပ် အသေးစိတ် ကိစ္စတွေ ထွက်မလာသေးပါဘူး။
ထူးခြား စွမ်းဆောင်နိုင်မှုများ
အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူဟာ မနှစ်က လိုက်ဇစ်အတွက် ၄၆ ပွဲ ကစားကာ ကိုယ်တိုင် ၁၀ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၃ ကြိမ် လုပ်ခဲ့ပါတယ်။ သူ့ရဲ့ အဓိက တာဝန်ကတော့ ခံစစ်တွေကို ဖောက်ထွက်ဖို့ ဘောလုံးကောင်းကောင်း ပေးနိုင်ဖို့ပါပဲ။
လှုပ်အားနှုန်းကလည်း ကောင်းပါတယ်။ ဘောလုံးကို သယ်ဆောင် ပြေးနိုင်တယ်၊ ဖိအားပေးမှုမှာ မွန်းစတားဖြစ်ပါတယ်။ ဘောလုံးပေးတာ၊ ကျော်ဖြတ်တာ၊ အခွင့်အရေး ဖန်တီးတာအပြင် သူလုပ်နိုင်တာက တည်ကန်ဘောတွေကို ကောင်းကောင်း ကန်နိုင်ခြင်းနဲ့ ပင်နယ်တီ အဆုံးသတ်နိုင်စွမ်းပဲ ဖြစ်ပါတယ်။