ယာဂင်ကလော့ပ် လိုချင်တဲ့ ဘယ်/ညာ ကွင်းလယ် တစုံ ရရှိပြီဖြစ်တာကြောင့် လီဗာပူးမှာ တစ်နေရာပဲ လိုအပ်ချက် ကျန်ရှိပါမယ်

လီဗာပူးအသင်းဟာ ဒေါမနစ် ဆိုဘိုစလိုက်ကို ဆေးစစ်ဖို့အတွက် ပြင်ဆင်နေပြီး ဟန်ဂေရီ ကွင်းလယ်လူက လိုက်ဇစ်ရဲ့ ခွင့်ပြုချက်နဲ့အတူ အင်္ဂလန်ကို ရောက်လာဖို့ ရှိနေပါတယ်။

ဒီနောက်ပိုင်းမှာ တိုက်စစ်အားသန် ကစားသမားအဖြစ် ညာတောင်ပံ နေရာမှာပါ ကစားနေပေမယ့်လို့ ဆိုဘိုစလိုက်ရဲ့ အဓိက နေရာကတော့ ကွင်းလယ် တိုက်စစ်သမား ဖြစ်ပါတယ်။ အသက် ၂၂ နှစ်ပဲရှိသေးတဲ့ သူ့ကို ကလော့ပ်က ညာခြမ်း ကွင်းလယ်လူ နေရာမှာ အသုံးချဖွယ် ရှိပါတယ်။

နည်းပြကလော့ပ်ဟာ မနှစ်ကရာသီ ကစားကွက် စမ်းသပ်ပြောင်းလဲခဲ့ပြီး ၃-၂-၂-၃ ပုံစံ ခင်းကျင်းလာခဲ့ပါတယ်။ တိုက်စစ် ၃ ယောက်တန်းနောက်မှာ နံပါတ် ၈ သမား နှစ်ဦးထားတဲ့ ပုံစံဖြင့် ဂျုံး တောက်ပခဲ့ပေမယ့် ဟန်ဒါဆန်က အဲ့နေရာကို လိုက်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒီနွေမှာ ကယ်လစ္စတာနဲ့ ဆိုဘိုစလိုက်တို့ကို ခေါ်ယူခြင်းက အဆိုပါ နံပါတ် ၈ နေရာတွေမှာ ဘယ်/ညာ ကွင်းလယ်လူတွေအဖြစ် တိုက်ရိုက် အစားထိုးဖို့ ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ဂျုံး၊ ဟာဗေး၊ ဟန်ဒါဆန်၊ သီယေဂို၊ မော်ဆန်၊ ဘာ့ဆီတစ်တို့ကလည်း ပိုပြင်းထန်တဲ့ နေရာပြိုင်ဆိုင်မှုကို ရင်ဆိုင်ရတော့မှာပါ။

ဆိုဘိုစလိုက် အပြောင်းအရွှေ့ ကိစ္စ အပြီးသတ်ပြီးရင် လီဗာပူးရဲ့ စနစ်သစ်မှာ အလိုအပ်ဆုံးက ဘယ်ခြမ်း ဗဟိုခံစစ်မှူး ဖြစ်လာပါလိမ့်မယ်။ ၃ ယောက်တန်းခံစစ် ဘယ်ခြမ်းနေရာအတွက် လူသစ်ရှာခြင်းဟာ ရိုဘိုနေရာ တိုက်ရိုက် ခြိမ်းခြောက်မှုဖြစ်သလို ဗန်ဒိုက်ရဲ့ နေရာအတွက် ကြိုတင် ပြင်ဆင်ခြင်းလည်း ဖြစ်လာပါလိမ့်မယ်။

ဗန်ဒီဗန်နဲ့ အန်နာဆီယိုတို့ နာမည်ထွက်နေတဲ့ ခံစစ်မှူးပိုင်းကို လီဗာပူးက အချိန်ယူ ရှာဖွေဖွယ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိ လီဗာပူး လူစာရင်းမှာ ကယ်လစ္စတာနဲ့ ဆိုဘိုစလိုက်ပြီးရင် Non-homegrown တစ်နေရာပဲ လွတ်တော့မှာပါ။

မီလ်နာ၊ ချိန်ဘာလိန်တို့ ထွက်ခွာသွားခြင်း နက်ဖီးလစ်ကို ရောင်းထုတ်ဖို့ ကြိုးစားနေခြင်းနဲ့အတူ Homegrown သမားတွေတော့ ထပ်မံ ခေါ်ခွင့်ရှိထားပြီး ယူ-၂၁ အောက် ကစားသမားတွေကိုလည်း ခေါ်ခွင့်ရှိမှာ ဖြစ်ပါတယ်။