

လီဗာပူးအသင်းဟာ ဒီနွေမှာ လူစာရင်းပိုင်း ပြန်လည် စုဖွဲ့မှု ပြုလုပ်နေကာ အကျိုးဆက်အားဖြင့် လူအင်အား တောင့်တင်းမှုအပြင် လုပ်ခပိုင်း ပိုမို ကျစ်လစ်လာဖွယ် ရှိပါတယ်။
၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကို Deloitte Money League ကနေ ထုတ်ပြန်ပေးလာရာမှာ လီဗာပူးအသင်းရဲ့ လုပ်ခပိုင်းက ပေါင် ၅၄ သန်းထိ မြင့်တက်လာခဲ့ကာ ပေါင် ၃၆၈ သန်းထိ ရောက်ရှိလာခဲ့ပါတယ်။
အသင်း ဝင်ငွေ စုစုပေါင်းရဲ့ ၆၂% ကို တစ်သင်းလုံးရဲ့ လုပ်ခပိုင်းအတွက် အသုံးပြုထားတာ ဖြစ်ပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်ရဲ့ လုပ်ခ အမြင့်ဆုံး ပေးချေတဲ့ ကလပ်စာရင်းမှာ ယူနိုက်တက်ရဲ့ ပေါင် ၃၈၄ သန်းနောက် ဒုတိယနေရာကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နွေမှာ မီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာ၊ ဖာမင်နို၊ အာသာတို့ကို ရှင်းထုတ်ခဲ့ခြင်းကြောင့် တစ်ပတ်လုပ်ခ ပေါင် ၅၃၅၀၀၀ သက်သာသွားမှာဖြစ်ကာ တစ်နှစ်ကို ပေါင် ၂၇.၈ သန်းထိ လုပ်ခပိုင်း လျော့ကျပါလိမ့်မယ်။
ဒီနွေမှာ ကာဗာရိုကလည်း လိုက်ဇစ်ထံ အငှားထွက်သွားပြီး နက်ဖီးလစ်ကိုလည်း ရောင်းချနိုင်မယ်ဆိုရင် လုပ်ခပိုင်း တစ်နှစ်စာ ပေါင် ၄ သန်းဝန်းကျင် သက်သာသွားမှာ ဖြစ်ပါတယ်။
ဒီကစားသမားတွေဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေသူတွေ မဟုတ်တာမို့ သူတို့နေရာ ကယ်လစ္စတာ၊ ဆိုဘိုစလိုက်တို့လို ကစားသမားတွေ ဝင်ရောက်လာခြင်းဟာ လီဗာပူးရဲ့ လူစာရင်း စုဖွဲ့မှုကို ကြီးကြီးမားမား သက်ရောက်စေမှာပဲ ဖြစ်ပါတယ်။