လီဗာပူးအသင်းမှာ ဆိုဘိုစလိုက် ရွေးချယ် ဝတ်ဆင်နိုင်တဲ့ အနီရောင် ဂျာစီ နံပါတ် (၄) ခု

ဒီကနေ့ညမှာ လီဗာပူးအသင်းဟာ လိုက်ဇစ်ကနေ ဆိုဘိုစလိုက်ကို ခေါ်ယူနိုင်ကြောင်း တရားဝင် ကြေညာမှု ပြုလုပ်မယ်လို့ သိထားရပါတယ်။

အသင်းဘက်က ပေါင် သန်း ၆၀ ပေးပြီး ခေါ်ယူရတဲ့ အသက် ၂၂ နှစ်အရွယ် ဟန်ဂေရီ ကွင်းလယ်သမားလေးဟာ အန်ဖီးမှာ ရွေးချယ်စရာ နံပါတ်တွေ အများကြီး ရှိပေမယ့် နံပါတ် ၄ ခုကို သဘောကျနိုင်ပါတယ်။ LFCThaDin ဖတ်ရှုသူတွေအတွက် အဆိုပါ နံပါတ်တွေကို ဖော်ပြသွားပါမယ်။

17 – ဒီနံပါတ်က လိုက်ဇစ်မှာ ဆိုဘိုစလိုက် ဝတ်ဆင်ခဲ့တဲ့ နံပါတ်ဖြစ်ပါတယ်။ လီဗာပူးမှာတော့ ကာတစ်ဂျုံးက ဒီနံပါတ်ကို ယူထားတာဖြစ်ပြီး မာဆေးဆိုဒ်သားက ဆိုဘိုအတွက် နံပါတ် ပြောင်းပေးမယ်ဆိုရင် ရာသီသစ်အတွက် နံပါတ် အပြောင်းအလဲ နှစ်ခု ဖြစ်လာနိုင်ပါတယ်။

8 – လီဗာပူးရဲ့ ဂန္တဝင်နံပါတ်ကြီးဟာ စတီဗင်ဂျရတ်နဲ့အတူ ပရီးမီးယားလိဂ်ခေတ်မှာ အတော်လေး ကျော်ကြားခဲ့ပါတယ်။ ဆိုဘိုဟာ ဂျရတ်ကို အတော်လေး လေးစား အထင်ကြီးသူဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဟီးရိုး နံပါတ်ကို ဆက်ခံရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ လုံ့ဆော်မှု ဖြစ်လာနိုင်ပါတယ်။

16 – ဆဲလ်ဘတ်အသင်းမှာတုန်းက ဆိုဘိုဟာ နံပါတ် ၁၆ ကို ဝတ်ဆင်ခဲ့ပါတယ်။ လီဗာပူးအသင်းမှာ ဂရုဂျစ် နောက်ဆုံး ဝတ်ထားတဲ့ ဒီနံပါတ်က လစ်လပ်နေပါတယ်။

23 – ဆိုဘိုက လီဗာပူးကို အထင်ကြီးသူ တစ်ဦးဖြစ်မယ်ဆိုရင် နံပါတ် ၂၃ ဟာ စတီဗင်လိုပဲ ကလပ်ရဲ့ အထင်ကရ တစ်ဦးဖြစ်သူ ကာရေဂါ ဝတ်ဆင်ခဲ့တာကို သိမှာပါ။ လီဗာပူးမှာပဲ ကစားသမားဘဝကို နစ်မြုပ်ခဲ့တဲ့ ကာရေဂါရဲ့ ကျောနံပါတ်ဟောင်းဟာ မထင်ပေါ်ပေမယ့် ပရိသတ်ကြိုက် နံပါတ်ဖြစ်ပါတယ်။

နံပါတ် ၂၃ ဆက်ခံသူတွေအဖြစ် ချန်နဲ့ ဒီယက်စ်တို့က ပရိသတ်အချစ်တော်တွေ ဖြစ်ခဲ့ကြပါတယ်။ ဒီရာသီမှာ ဒီယက်စ်က ကျောနံပါတ် ၇ ကို ပြောင်းလဲ ဝတ်ဆင်ခဲ့တာမို့ ဂျာစီနံပါတ် ၂၃ က ရွေးချယ်စရာ ဖြစ်နေပါတယ်။