

လီဗာပူးအသင်းဟာ လိုက်ဇစ်အသင်း ကွင်းလယ်လူ ဆိုဘိုစလိုက်ကို လက်မှတ်ထိုး ခေါ်ယူနိုင်ကြောင်း ကြေညာခဲ့ပါတယ်။
ဟန်ဂေရီ ကွင်းလယ်လူဟာ ဒီနွေအတွက် လီဗာပူးအသင်း လက်မှတ်ထိုးတဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာပါတယ်။ သူဟာ လီဗာပူးရဲ့ နာမည်ကျော် ကျောနံပါတ် ၈ ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်း ဝဘ်ဆိုဒ်ကနေ မိတ်ဆက်စကား ပြောဆိုရာမှာ ဆိုဘိုကတော့ “ သိပ်သိပ်ကို ကောင်းတယ်ဗျာ။ ကုန်ခဲ့တဲ့ ရက်အနည်းငယ်မှာ ကျနော် သိပ်ပျော်နေခဲ့ရတယ်။ အားလုံးရဲ့ အကြောင်းကို ကောင်းကောင်းသိလာဖို့ ကြိုးစားသွားပါမယ်။
ဒီ ၃၊ ၄ ရက်လောက်က သိပ်ကို ကြာသလိုပါပဲဗျာ၊ တကယ် မလွယ်ဘူးဗျ။ ဘာပဲဖြစ်ဖြစ် ကျနော် လီဗာပူးကို ရောက်လာပြီ သိပ်ပျော်တယ်၊ စတင်ရဖို့ မစောင့်နိုင်အောင်ပါပဲ။
ဒီလို သမိုင်းဝင်ကလပ်၊ ကစားသမားကောင်းတွေ ရှိနေတဲ့ကလပ်၊ နည်းပြကောင်းရှိနေတဲ့ ကလပ်က အရာအားလုံး ပြည့်စုံ ကောင်းမွန်တာပေါ့ဗျာ။ ကျနော် အတွက်တော့ လီဗာပူးကို ပြောင်းရတာက လုံးဝ ပြီးပြည့်စုံတယ်။ ပရိသတ်တွေ၊ ကွင်းနဲ့ အစစ အရာရာ အားလုံးက ကောင်းနေတာပါပဲ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးပရိသတ်တွေအတွက် ဆိုဘိုရဲ့ သီးသန့် မက်ဆေ့ကတော့ “ အန်ဖီးကွင်းကြီးမှာ ခင်ဗျားတို့ကို မြင်ရဖို့ မစောင့်နိုင်တော့ပါဘူး။ ကျနော်ဘက်ကတော့ အရာအားလုံးကို ပေးဆပ်သွားနိုင်ဖို့ ကြိုးစားပါမယ် ” ဆိုတာပဲ ဖြစ်ပါတယ်။