ဘာလို့ နံပါတ် ၈ ကို ရွေးရသလဲ? ဂျရတ်ကို ဘာကြောင့် အထင်ကြီးရသလဲ? ဆိုတာအတွက် ဆိုဘိုရဲ့ ဖွင့်ဟလာမှု

ဆိုဘိုစလိုက်ဟာ လီဗာပူးကစားသမားသစ် ဖြစ်လာပြီးတဲ့နောက် အန်ဖီးရဲ့ ကျော်ကြားလှတဲ့ ကျောနံပါတ် တစ်ခုဖြစ်သလို ကိတ်တာ ထွက်သွားပြီးတဲ့နောက် လစ်လပ်နေတဲ့ နံပါတ် ၈ ကို ဆက်ခံသွားပါတယ်။

ဂျရတ်ဟာ သူ့ခေတ်မှာ လီဗာပူးရဲ့ ထိလို့မရတဲ့ ကစားသမား တစ်ဦးဖြစ်ခဲ့တာနဲ့အတူ ဂျရတ်ရဲ့ နံပါတ်ကို ဆက်ခံခြင်းဟာ အတော်လေး ဖိအားများပါတယ်။ ကိတ်တာ မအောင်မြင်ခဲ့ပေမယ့် စိတ်ဓါတ်ပိုင်း မာကျောသူလို့ လူသိများတဲ့ ဇာဘိုစလိုက်ကတော့ ကျော်လွှားနိုင်ဖို့ မျှော်လင့်ရပါတယ်။

LFCTV နဲ့ စကားပြောမှုမှာ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူက ကျောနံပါတ် ၈ ကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းအား အခုလို ပြောပြပါတယ်။

“ သိပ်ပြီး ထူးထူးခြားခြား အကြောင်းရင်းရယ်လို့ မရှိပါဘူး။ ဒီနံပါတ်က သိပ်ကောင်းတဲ့ နံပါတ်လေ။ ကစားသမားကောင်းတွေ အများကြီးက ကျောနံပါတ် ၈ ကို ဝတ်ကြပါတယ်။

ကျနော်မှာ ဂျရတ်ရဲ့ တက်တူးလည်း ရှိပါတယ်။ သူပြောခဲ့တဲ့ စကားကို တက်တူ ရေးထားတာပါ။ ဘယ်တုန်းက ရေးခဲ့တယ်တော့ မမှတ်မိတော့ဘူး ဒါပေမယ့် အဲ့တာ ထိုးဖြစ်ခဲ့တာလည်း အကြောင်းရင်း တစ်ခု ရှိပါတယ်။ ” လို့ ဆိုဘိုစလိုက်က ပြောပြခဲ့ပါတယ်။

ဟန်ဂေရီ ကွင်းလယ်လူရဲ့ တက်တူးတစ်ခုဟာ ဂျရတ်ပြောခဲ့တဲ့ ” ပင်ကိုယ် ပါရမီဆိုတာက မြင့်မြတ်သော ကောင်းချီးပေးခံရမှု ဆိုသော်ညား ပြင်းပြတဲ့ စိတ်အားထက်သန်မှုနဲ့ နှိမ့်ချမှုတွေ မပါရင် ဘာတန်ဖိုးမှ မရှိပါဘူး ” လို့ အဓိပ္ပာယ်ရတဲ့ စာသားကို ရေးထိုးထားခြင်းဖြစ်ပါတယ်။

ဂျရတ်နဲ့ ပတ်သက်လို့ ဆိုဘိုစလိုက်ကပဲ ” ကလေးဘဝဆိုတော့ ဘောလုံးပွဲတွေကို သိပ်မကြည့်ဖြစ်ပါဘူး။ ဒါပေမယ့် ကျနော် ကြည့်ခဲ့ရတာ ချန်ပီယံလိဂ်ညရဲ့ ကြီးကျယ်တဲ့ ပွဲတစ်ပွဲကိုဖြစ်ပြီး စတီဗင်ဂျရတ်က အကြီးကျယ်ဆုံးတွေထဲက တစ်ဦးပါ ” လို့ ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။