ရိုမီယို လာဗီယာဟာ လီဗာပူးအသင်းထံ ပြောင်းလာဖွယ် ရှိနေကြောင်း အသံတွေ ကျယ်လောင်နေပြီး ဆောက်သမ်တန် ကွင်းလယ်လူနဲ့ ပြင်သစ် ကွင်းလယ်လူ သူရမ်တို့ထဲက တစ်ဦးဟာ အန်ဖီးထံ ကူးပြောင်းလာနိုင်ပါတယ်။
ဘယ်အစွန်လူ အိုဝင်ဘက်ကို စကော့တလန်ကလပ် Dundee အသင်းထံသို့ တစ်ရာသီ အငှားချပေးခဲ့ပြီ ဖြစ်ပါတယ်။
ဖာမင်နိုဟာ ဆော်ဒီကလပ် Al Ahli အသင်းနဲ့ ပထမအဆင့် ဆေးစစ်မှုကိစ္စ အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။
လီဗာပူးနည်းပြအဖွဲ့က ဒါဝင်အပေါ် ယုံကြည်မှုတွေ အားကောင်းနေဆဲဖြစ်ပြီး တိုက်စစ်မှာ သူ့ကို အံဝင်အောင် နေရာချဖို့ အစီအစဉ်တွေ ရှိနေပါသေးတယ်။
ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကို ခေါ်ယူရေး လီဗာပူးဘက်က ဝင်ပါတော့မှာ မဟုတ်ဘူးလို့ ဂျာမာန် သတင်းသတင်းတွေက ဆိုပါတယ်။
ခံစစ်မှူး မာတစ်ကို သက်တမ်းတိုးစာချုပ် ပေးသွားဖို့ လီဗာပူးဘက်က စဉ်းစားနေပါတယ်။ ၂၀၂၄ နွေမှာပဲ စာချုပ်ကုန်မယ့် သီယေဂိုကတော့ ဒီနွေမှာ ထွက်ခွာသွားနိုင်ချေ ရှိနေပါတယ်။
စပါးအသင်းဟာ ခံစစ်မှူး ဗန်ဒီဗန်ကို ခေါ်ယူနိုင်ဖို့ စတင် စကားပြောမှု ပြုလုပ်နေပါပြီ။ လီဗာပူးဘက်ကတော့ နယ်သာလန်သားကို စိတ်ဝင်စားမှု ပြသထားပါတယ်။
စတီဗင်ဂျရတ်ဟာ ဆော်ဒီကလပ် Etiffaq အသင်းရဲ့ နည်းပြချုပ်အဖြစ် တရားဝင် ခန့်အပ်ခံခဲ့ရပြီ ဖြစ်ပါတယ်။
ဒီနွေစျေးကွက်မှာ အဓိက ရည်ရွယ်ထားတဲ့ ခံစစ်မှူး တစ်ဦးကို ခေါ်ယူခဲ့ရင်တောင် လီဗာပူးက ကွင်းလယ်လူ နောက်ထပ် တစ်ဦး ချိန်ရွယ်ဦးမှာပါ။ ဒါပေမယ့်လို့ ခံစစ်သမားပေါ် မူတည်ပြီး ကွင်းလယ်လူက homegrown ဒါမှမဟုတ် အသက် ၂၁ နှစ်အောက် ကွင်းလယ်လူ ဖြစ်လာပါမယ်။
၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ယူရိုပါလိဂ် ပြိုင်ပွဲမှာ လီဗာပူးအသင်းက Pot 1 ကနေ ပါဝင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။