မောင့်အတွက် သန်း ၆၀ မပေးဘဲ ဒေါမနစ်ကို ပေးခဲ့ခြင်းက လီဗာပူးရဲ့ ရေရှည် ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်

လီဗာပူးအသင်းဟာ လိုက်ဇစ်အသင်း ကွင်းလယ်လူ ဒေါမနစ် ဆိုဘိုစလိုက်ကို စာချုပ်ပါကြေး ပေါင် သန်း ၆၀ ပေးပြီး ခေါ်ယူခဲ့ကာ ကလပ်သမိုင်းမှာ တန်ကြေးကြီး အပြောင်းအရွှေ့တွေထဲက တစ်ခုဖြစ်လာစေပါတယ်။

ဒီနွေမှာ ချယ်ဆီးမှ မေဆန်မောင့်ကို ခေါ်ယူဖို့ သတင်းကြီးခဲ့ပေမယ့် လီဗာပူးဘက်က လုံးဝ ကမ်းလှမ်းမှု မဝင်ခဲ့ပါဘူး။ အသက် ၂၄ နှစ်အရွယ် အင်္ဂလန်သား ကွင်းလယ်လူဟာ မန်ချက်စတာ ယူနိုက်တက်ထံ ပေါင် သန်း ၆၀ ဖြင့် ပြောင်းဖို့ သဘောတူညီခဲ့ကာ ဒီအပြောင်းအရွှေ့ နှစ်ခု ဘာတွေကွာခြားခဲ့လဲ ရှင်းပြပါမယ်။

ပထမဦးစွာ ဒီနွေမှာ မက်ကယ်လစ္စတာကို လက်မှတ်ထိုးခဲ့ပြီးနောက် လီဗာပူးအသင်းရဲ့ စီနီယာ ၂၅ ဦးစာရင်းရဲ့ nom-homegrown ကစားသမား ၁၇ ဦး ထည့်ခွင့်မှာ ၂ နေရာပဲ ထပ်မံ ခေါ်ယူခွင့် ကျန်ပါတယ်။

ဒါပေမယ့်လို့ homegrown ကစားသမားဘက်မှာတော့ လိုအပ်ချက် များနေတာပါ။ ၈ ဦး ထည့်ခွင့်ရှိရာမှာ ကလယ်ဟာ၊ ဂိုးမက်စ်၊ ထရန့်၊ ဟန်ဒါဆန်၊ ကာတစ်ဂျုံး၊ နက်ဖီးလစ်၊ ဗန်ဒါဘတ်တို့ပဲ ရှိထားကာ နောက်ဆုံး ၂ ဦးက ဒီနွေမှာ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။

မေဆန်မောင့်ဟာ ချယ်ဆီးအကယ်ဒမီကနေ ပေါ်ထွက်လာသူဖြစ်ပြီး သူ့ကို ခေါ်ယူခြင်းဟာ လီဗာပူးမှာ ရှားပါးလာတဲ့ homegrown စာရင်းအတွက် ရေရှည် အစားထိုးမှု ဖြစ်လာပါလိမ့်မယ်။ ဒီအကြောင်းရင်းကြောင့်ပဲ မောင့်အပြင် ချယ်ဆီးမှ လီဗီ ကိုးဝယ်၊ ဆောက်သမ်တန်မှ လာဗီယာတို့လို homegrown ကစားသမားတွေကို ချိန်နေရခြင်း ဖြစ်ပါတယ်။

ဒေါမနစ်ကို ခေါ်ယူခဲ့တာကြောင့် ကလပ်ရဲ့ homegrown ပြဿနာက ဆက်ရှိနေပါမယ်။ ဒါပေမယ့်လို့ အခြားသော ပြဿနာဖြစ်တဲ့ ကလပ်ရဲ့ လုပ်ခပိုင်းမှာ ရေရှည်ဖြစ်လာနိုင်တဲ့ ပြဿနာကို ရှင်းလင်းပြီးသား ဖြစ်ခဲ့ပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကို Deloitte Money League ကနေ ထုတ်ပြန်ပေးလာရာမှာ လီဗာပူးအသင်းရဲ့ လုပ်ခဟာ ပေါင် ၃၆၈ သန်းထိ ရောက်ရှိလာခဲ့ပါတယ်။ အသင်း ဝင်ငွေ စုစုပေါင်းရဲ့ ၆၂% ကို တစ်သင်းလုံးရဲ့ လုပ်ခပိုင်းအတွက် အသုံးပြုထားတာ ဖြစ်ပါတယ်။

နွေမှာ မီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာ၊ ဖာမင်နို၊ အာသာတို့ကို ရှင်းထုတ်ခဲ့ခြင်းကြောင့် တစ်ပတ်လုပ်ခ ပေါင် ၅၃၅၀၀၀ သက်သာသွားမှာဖြစ်ကာ တစ်နှစ်ကို ပေါင် ၂၇.၈ သန်းထိ လုပ်ခပိုင်း လျော့ကျပါလိမ့်မယ်။

ဆိုဘိုအတွက် တစ်ပတ်လုပ်ခဟာ ပေါင် ၁၂၅၀၀၀ ပဲကျသင့်ကာ မေဆန်မောင့်ကို ခေါ်ယူခဲ့ရင်တော့ တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ ဝန်းကျင် ပေးရမှာ ဖြစ်ပါတယ်။ မောင့်ကို ခေါ်ယူခဲ့ရင် လီဗာပူးရဲ့ လုပ်ခပိုင်းဟာ ထူးထူးခြားခြား ကျဆင်းသွားမှာ မဟုတ်ပါဘူး။

၂၀၂၅ နောက်ပိုင်း နောက်ထပ် တစ်ကြိမ် စာချုပ်သစ် ပေးမယ်ဆိုရင် ဆိုဘိုအတွက် တစ်ပတ် ပေါင် ၂ သိန်းလောက်နဲ့ စကားပြောနိုင်ပေမယ့် မေဆန်မောင့်အတွက် ပေါင် ၃ သိန်း အထက်ဖြင့် ညိနှိုင်းရမှာပါ။ ဒါဟာ ဆာလာ တစ်ဦးတည်း တစ်ပတ် ပေါင် ၃ သိန်းခွဲ ပေးထားတဲ့ လီဗာပူးရဲ့ လုပ်ခ တည်ဆောက်မှုအပေါ် ပြဿနာ ရှိလာနိုင်ပါတယ်။

အခုချိန်မှာ လီဗာပူးအသင်းရဲ့ နောက်ထပ် ခေါ်ယူမှုကို စောင့်ကြည့်ရမှာဖြစ်ပြီး ဆိုဘိုကို ခေါ်ယူခြင်းဟာ လူစာရင်းပိုင်း တောင့်တင်းစေဖို့တင် မဟုတ်ဘဲ ရေရှည် ပြဿနာအတွက်ပါ ကြိုတင် ဖြေရှင်းထားပြီး ဖြစ်လာခဲ့ပါတယ်။