လီဗာပူးအသင်းဟာ ဒေါမနစ် ဆိုဘိုစလိုက်ကို ခေါ်ယူခဲ့ပြီးတဲ့နောက် ပြင်သစ်ကလပ် Nice ကွင်းလယ်လူ ကီဖရန် သူရမ်အား စိတ်ဝင်စားနေမှုကို အဆုံးသတ်ပြီ ဖြစ်ပါတယ်။
နွေစျေးကွက် အစောတုန်းက လီဗာပူးအသင်းဟာ ကွင်းလယ်အတွက် သူရမ်ကို အတော်လေး သဘောကျခဲ့တာပါ။ ဒါပေမယ့်လို့ ဆိုဘိုစလိုက်ကိုပဲ ဦးစားပေးအဖြစ် ရွေးချယ်ခဲ့သလို လူစာရင်း အခြေအနေအရ သူရမ်အတွက် ကြိုးစားမှု ရှိတော့မှာ မဟုတ်ပါဘူး။
TIA ကနေ သတင်းထောက် David Lynch က ဖော်ပြရာမှာတော့ လီဗာပူးဘက်က သူရမ်အတွက် နောက်ဆုတ်ဖို့ ဆုံးဖြတ်ခဲ့ပါပြီ။ ပြင်သစ်သားထက် ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ခေါ်ယူရေးအတွက်ပဲ ပိုမို အာရုံစိုက်သွားတော့မယ်လို့ ဖြစ်ပါတယ်။
ဘယ်ဂျီယံ သတင်းထောက်တွေ၊ လန်ဒန်အခြေစိုက် အင်္ဂလန်နာမည်ကြီး သတင်းထောက်တွေနဲ့ အပြောင်းအရွှေ့ ဂုရု ရိုမန်နိုကလည်း လာဗီယာအတွက် လီဗာပူးဘက်က ဝင်ပြိုင်နေတာကို ဖော်ထုတ်လာနေကြပြီ ဖြစ်ပါတယ်။ သူ့အတွက် လီဗာပူးအသင်းက ပေါင် သန်း ၅၀ တော့ ပေးမှာ မဟုတ်ပါဘူး။
လီဗာပူးအသင်းဟာ လက်ရှိ လူစာရင်းအတွက် ဗဟိုခံစစ်မှူး တစ်ဦး ခေါ်ယူလိုသေးသလို ကွင်းလယ်လူ တစ်ဦးကိုလည်း ခေါ်ချင်သေးတာပါ။ ဒါပေမယ့် လူစာရင်းမှာ non-homegrown အတွက်က တစ်ဦးပဲ ထပ်ခေါ်လို့ရပါတော့မယ်။ (ဥပမာအားဖြင့် သီယေဂို ထွက်ရင်တော့ ၂ ဦးစာ လွတ်နေပါမယ်။)
ကစားသမား အထွက်စာရင်း ထူးထူးခြားခြား မရှိသေးတာမို့ ဘယ်လို ကစားသမားသစ် ခေါ်ယူမလဲ အသင်းဘက်က အနည်းငယ် အချိန်ယူရဖွယ် ရှိနေမှာပါ။
ယုံကြည်ရသလောက်တော့ ခံစစ်မှူးသစ်ကို ရွေးချယ်စရာ ပိုများပြားတဲ့ ဥရောပ စျေးကွက်ကနေ ရှာဖွေသွားကာ ကွင်းလယ်အတွက်တော့ အနာဂတ်မှာ homegrown စာရင်းထဲ ထည့်လို့ရမယ့် မန်စီးတီး အကယ်ဒမီထွက် အသက် ၁၉ နှစ်အရွယ် လာဗီယာကို ချိန်ရွယ်လာခြင်း ဖြစ်ပါတယ်။
ဖာဘင်ညိုနေရာ ရေရှည်အစားထိုးဖို့အတွက်ပါ အဆင်ပြေစေမယ် လာဗီယာအတွက် အာဆင်နယ်၊ ချယ်ဆီး၊ မန်ယူနိုက်တက်တို့ပါ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် လီဗာပူးဘက်က တကယ် ကြိုးစားမယ်ဆိုရင် ဆက်ဆံရေးကောင်းရှိထားတဲ့ ဆောက်သမ်တန်ဘက်က မျက်နှာသာပေးဖွယ် ရှိနေပါတယ်။