

လီဗာပူးအသင်းဟာ အခုချိန်ထိ ကစားသမား ခေါ်ယူမှု အသစ် ၂ ခု ပြုလုပ်ထားပေမယ့် နောက်ထပ် လက်မှတ်ထိုးမှုတွေ မတိုင်ခင် စီနီယာ အသင်းသား အချို့ကို ရောင်းထုတ်ဖွယ် ရှိနေပါတယ်။
လီဗာပူးအသင်းက ဒီနွေမှာ လူစာရင်း ပြန်လည် တည်ဆောက်မှု ပြုလုပ်နေပြီး ကယ်လစ္စတာနဲ့ ဒေါမနစ်တို့ကို ရရှိထားပါပြီ။ ကွင်းလယ် နံပါတ် ၈ သမား နှစ်ဦး ရရေးဟာ နည်းပြကလော့ပ်ရဲ့ ဦးစားပေးဖြစ်ကာ ထပ်ပြီးလည်း နံပါတ် ၈ တစ်ဦးနဲ့ ဘယ်ခြမ်း ဗဟိုခံစစ်မှူး တစ်ဦး ခေါ်ယူဦးမှာပါ။
ဒါပေမယ့်လို့ အင်္ဂလန်စျေးကွက်ကနေ ရှာမလား? ဥရောပစျေးကွက်ထဲ ဝင်မလား? သိရဖို့ ကစားသမား ရောင်းချမှုတွေကို ကြည့်ရပါဦးမယ်။
အသင်းကနေ ထွက်ဖို့ အနီးစပ်ဆုံး ကစားသမားက နက်ဖီးလစ်ဖြစ်ပါတယ်။ ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်ဘက်က စိတ်ဝင်စားထားတဲ့ အသက် ၂၆ နှစ်အရွယ် ခံစစ်မှူးကို နယ်သာလန်ကလပ် ဖီယင်နိုဘက်ကလည်း ချဉ်းကပ်မှု လုပ်လာပါတယ်။ လီဗာပူးဘက်ကတော့ ပြောင်းရွှေ့ကြေးကို ပေါင် ၁၀ သန်း သတ်မှတ်ပေးထားပါတယ်။
အခုချိန်ထိတော့ နက်ဖီးလစ်အတွက် တရားဝင် ကမ်းလှမ်းမှု မရသေးဘဲ ဘွန်ဒက်လီဂါဘက်ကလည်း စိတ်ဝင်စားရိပ်တော့ ပြသထားပါတယ်။
စတီဗင်ဂျရတ်က ဆော်ဒီကလပ် Al-Ettifaq အသင်းကို မန်နေဂျာအဖြစ် တာဝန်ယူခဲ့ကာ သူ့အသင်းအတွက် ဟန်ဒါဆန်၊ သီယေဂိုလို ဝါရင့် ကွင်းလယ်လူတွေကို အလိုရှိနေတယ်လို့ အသံထွက်လာတယ်။ သီယေဂိုကို တူရကီကလပ် ဖီနာဘာချိန်ဘက်ကလည်း ချိန်ရွယ်နေပါတယ်။
ဟန်ဒါဆန်ဟာ လီဗာပူးမှာ စာချုပ် ၂ နှစ် ကျန်ရှိနေပြီး သီယေဂိုက စာချုပ် ၁ နှစ် ကျန်ရှိထားပါတယ်။ ကလပ်ဘက်က အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို အလောတကြီး ရှင်းထုတ်ဖွယ်မရှိပေမယ့် သီယေဂိုအတွက်တော့ ကစားသမားရဲ့ ဆန္ဒကို နားထောင်ပေးသွားဖို့ ရှိနေပါတယ်။