

ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ လီဗာပူးအသင်းဟာ ကွင်းလယ်လူ သီယေဂိုအတွက် ဆော်ဒီဘက်က ကမ်းလှမ်းလာမှုကို စောင့်မျှော်နေပြီ ဖြစ်ပါတယ်။
သီယေဂိုရဲ့ လက်ရှိ စာချုပ်ဟာ ၁ နှစ်ပဲ ကျန်ရှိတော့တာဖြစ်ပြီး အသင်းဘက်က စပိန်သားကို သက်တမ်းတိုးမှာ မဟုတ်ပါဘူး။ နောက်နှစ်မှာ အလွတ်ဖြင့် ထွက်ခွင့်ပေးရမယ့် အသက် ၃၂ နှစ်အရွယ် ကွင်းလယ်လူကို ဒီနွေမှာ တန်ကြေးတစ်ရပ်ဖြင့် ရောင်းချလိုက်ဖို့ လီဗာပူးဘက်က စဉ်းစားလာတာ ဖြစ်ပါတယ်။
ဆော်ဒီကလပ်တွေက သီယေဂိုကို ခေါ်ယူရေး စကားပြောလိုနေပြီး ကစားသမားဘက်က ထွက်လိုတယ်ဆိုရင် အသင်းပြောင်းခွင့်ပေးဖို့ လီဗာပူးဘက်က ပြင်ဆင်ထားကြောင့် တယ်လီဂရပ် သတင်းထောက် Chris Bascombe က ဆိုပါတယ်။
ဒီနွေမှာ ကယ်လစ္စတာနဲ့ ဒေါမနစ်တို့ကို ပေါင် ၉၅ သန်း အကုန်အကျခံ ခေါ်ယူထားတဲ့ လီဗာပူးအသင်းဟာ ကွင်းလယ်ပိုင်းကို အဓိက အားဖြည့်ဖို့ ရည်ရွယ်ထားပြီး နံပါတ် ၆ နေရာအတွက် ဆောက်သမ်တန်မှ လာဗီယာကို ချိန်ရွယ်နေပါတယ်။
သီယေဂိုဟာ ဟန်ဒါဆန်၊ ဖာဘင်ညိုနဲ့အတူ လီဗာပူးကွင်းလယ် စီနီယာတစ်ဦး ဖြစ်ပေမယ့် ကွင်းလယ်မှာ ဟာဗေး၊ ကာတစ်ဂျုံး၊ ဘာ့ဆီတစ်၊ မော်တန်တို့ပါ ရှိနေတာကြောင့် လာမယ့်ရာသီမှာ ပွဲကစားချိန် အတော်လေး နည်းပါးလာဖွယ် ရှိနေတာပါ။
သီယေဂိုဟာ မနှစ်ကရာသီကုန်ခါနီးမှာ ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသူ ဖြစ်ပါတယ်။ ဇူလိုင်လ ၈ရက်နေ့ ရာသီကြို မတိုင်ခင် သူ့အနာဂတ် ထူးခြားကိစ္စ ကြားရမလား စောင့်ကြည့်ရပါမယ်။
တစ်နှစ်ကို လုပ်ခ ပေါင် ၁၀ သန်းပေးချေနေရတဲ့ သီယေဂိုကို ၂၀၂၀ မှာ ဘိုင်ယန်မြူးနစ်ကနေ လီဗာပူးက ပေါင် သန်း ၂၀ ပေးပြီး ခေါ်ယူခဲ့ပါတယ်။ ကလော့ပ်ရဲ့ လူစာရင်း ပြန်တည်ဆောက်မှုမှာ သူလည်း ပါဝင်သွားနိုင်ပြီး အသင်းအပေါ် ကြီးကြီးမားမား သက်ရောက်မှုမျိုး မရှိဘူးလို့ ယုံကြည်ရပါတယ်။