ဒီရာသီ အထင်ကြီးရတဲ့ လီဗာပူးအသင်းသား ၁ ဦးနဲ့ စိတ်ပျက်စရာ အသင်းသား ၁ ဦးကို ဂျွန်ဆင် ရွေးထုတ်

ဂလင်းဂျွန်ဆင်ဟာ ဒီရာသီ လီဗာပူးရဲ့ အထင်ကြီးစရာ အကောင်းဆုံး အသင်းသား တစ်ဦးနဲ့ စိတ်ပျက်စရာ အကောင်းဆုံး အသင်းသား တစ်ဦးတို့ကို ရွေးချယ်ပေးဖို့ တောင်းဆိုခံခဲ့ရပါတယ်။

ဒီရာသီမှာ အထင်အကြီးမိဆုံး လီဗာပူးကစားသမားက ဘယ်သူလဲလို့ မေးမြန်းခဲ့တဲ့အခါမှာ ဂျွန်ဆင်က

“ နူညက်လို့ ပြောရမယ် ထင်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း လီဗာပူး လုပ်ခဲ့တဲ့အတိုင်းပါပဲ။ သူတို့ ဝယ်လိုက်တဲ့ ကစားသမားတွေက သူတို့ခေါ်တဲ့အချိန်မှာ နာမည်အကြီးဆုံး၊ အကျော်ကြားဆုံး မဟုတ်ခဲ့ပေမယ့် တိုးတက်လာမယ့် လမ်းကြောင်းပေါ်မှာ ရှိနေတယ်ဆိုတာ သိထားခဲ့တာပါ။

လီဗာပူးက အဲ့လို ခေါ်ယူမှုတွေကို ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး နူညက်လည်း အပါအဝင်ပေါ့။ ဒီယက်ဇ်ရောပါပဲ။ နူညက်က နောက်လာမယ့်နှစ်တွေမှာ ကြီးကျယ်တဲ့ ကစားသမား ဖြစ်နိုင်တယ် ထင်ပါတယ်။ သူက ပရီးမီးယားလိဂ်မှာ တကယ် ပျော်ရွှင်နေပြီး ဒီက ကစားပုံနဲ့ လိုက်ဖက်ညီပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ်။

ဒါဝင်ဟာ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၉ ဂိုးအတွက် ပါဝင် ပတ်သက်ထားပါတယ်။ သူ့ရဲ့ သွင်းဂိုးနဲ့ ဖန်တီးမှုတွေက လီဗာပူးပရိသတ်တွေကို အထင်ကြီးစရာ မဖြစ်စေခဲ့ပေမယ့် နူညက်ဟာ ပုံမှန်ခြိမ်းခြောက်မှုပေးနိုင်သူဖြစ်ပြီး အသင်းဖော်တွေအတွက် နေရာလွတ်တွေ ဖန်တီးပေးတတ်သူအဖြစ်တော့ ချီးကျူးမှု ရထားပါတယ်။

ဒီရာသီမှာ စိတ်ပျက်စရာ အကောင်းဆုံး လီဗာပူးကစားသမားအကြောင်းကိုလည်း ဂျွန်ဆင်က ပြောပြခဲ့ပါတယ်။ အန်ဖီးကို ပြောင်းလာတည်းက ဗန်ဒိုက်ရဲ့ အဆင့်အတန်းက သိပ်ကို မြင့်မားခဲ့တာကြောင့် အခုချိန်မှာ သူရဲ့ စွမ်းဆောင်ရည် ကျဆင်းမှုကို အံ့ဩခဲ့ရတယ်လို့ ဂျွန်ဆင်က ဆိုပါတယ်။

“ စိတ်ပျက်စရာတွေကတော့ အသိသာဆုံးပါပဲ။ အဲ့ထဲမှာ ထင်ရှားနေတာက ဗန်ဒိုက်ဖြစ်မယ် ထင်ပါတယ်။ ဒါက သူ့ကို ချီးကျူးတာလို့လည်း ပြောရမယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အရင် အဆင့်အတန်းက သိပ်ကို မြင့်မားခဲ့တာကိုး။ အားလုံး အဆင်ပြေနေချိန်မှာတော့ သူလုပ်ပြနေတာတွေက လွယ်လိုက်တာလို့ ထင်ရတယ်။
ဒါပေမယ့် အဲ့ဒါက သူ့ရဲ့ တည်ငြိမ်မှုနဲ့ ထိန်းသိမ်းနိုင်စွမ်းကြောင့်ပါ။

ကိစ္စတွေ အဆင်မပြေဖြစ်လာတော့ ကြည့်ရတာ မကောင်းတော့ဘူး။ ဒါကြောင့် သူရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်မိတယ်လို့ ပြောရမယ်။ ဒါပေမယ့် သူ့ရဲ့ ခြေစွမ်းတချို့ကို ပြန်ရှာတွေ့ရင်၊ မနှစ်ကလိုမျိုး သူ့အသင်းဖော်တွေပါ ပြန်ပြီး တိုးတက်လာမှာပါ။ ဒါက ရေရှည်ပြဿနာလို့ ကျွန်တော်မထင်ဘူး။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခဏတာ ခြေစွမ်းကျဆင်းမှုပဲလို့ ထင်ပါတယ် ” ဆိုပြီး ဂျွန်ဆင်က သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။