ဆော်ဒီဘက်က လီဗာပူးကွင်းလယ်လူ သီယေဂို အယ်ကန်တာရာကို ခေါ်ယူဖို့ အလေးအနက် ကြိုးစားလာပေမယ့် ကောင်းမွန်တဲ့ ညိနှိုင်းမှု တစ်ခုကို ကစားသမားဘက်က ပယ်ချလိုက်ပါတယ်။
ဆော်ဒီပရိုလိဂ်ဘက်က သူတို့လိဂ်ရဲ့ အဆင့်အတန်းကို မြင့်တင်ဖို့ရာ အန်ဖီးမှာ စာချုပ် ၁ နှစ်ပဲ ကျန်ရှိတော့တဲ့ စပိန်လက်ရွေးစင်ကို အတော်လေး သဘောကျနေတာပါ။ လီဗာပူးအသင်းဘက်က တရားဝင် ကမ်းလှမ်းမှု လက်ခံရခြင်း မရှိသေးဘဲ ချဉ်းကပ်မှုတွေဟာ ကစားသမားရဲ့ ကိုယ်စားလှယ်တွေထံပဲ သွားနေတာ ဖြစ်ပါတယ်။
သီယေဂိုက ဆော်ဒီကလပ်ရဲ့ တရားဝင် ချဉ်းကပ်မှု တစ်ခုကို ငြင်းဆန်ခဲ့ကာ ဒီအပတ်မှာ စတင်တော့မယ့် လီဗာပူးအသင်း လေ့ကျင့်ရေး အစီအစဉ်မှာ စတင် ပါဝင်ဖို့ကိုပဲ အာရုံစိုက်နေပါတယ်။
အသက် ၃၂ နှစ်အရွယ် ကွင်းလယ်လူက လာမယ့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကို လီဗာပူးအသင်းနဲ့အတူ ကျော်ဖြတ်ဖို့ပဲ အာရုံစိုက်နေတယ်။ ဒါပေမယ့်လို့ လာမယ့် အပတ်တွေအတွင်း ဆော်ဒီဘက်က ပိုကောင်းတဲ့ ကမ်းလှမ်းမှုတွေ ပေးလာဖွယ် ရှိနေသေးကြောင်း The Athletic က ဆိုပါတယ်။
လီဗာပူးအတွက်ကတော့ သီယေဂို အပြောင်းအရွှေ့ ကိစ္စမှာ ကစားသမားရဲ့ ဆန္ဒကိုပဲ လိုက်လျောမှာ ဖြစ်ကာ သူဆက်နေလိုရင် ထိမ်းသိမ်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၄ နွေမှာ လက်ရှိ စာချုပ် ကုန်ပြီးရင်တော့ သက်တမ်းတိုးတော့မှာ မဟုတ်ဘဲ အလွတ်နဲ့ ထွက်ခွင့်ပေးမှာ ဖြစ်ပါတယ်။