

ဇူလိုင်လ ၁၀ ရက်နေ့မှာ လီဗာပူးအသင်းနဲ့ ရာသီကြို ပူးပေါင်းသွားမယ့် ဒေါမနစ် ဆိုဘိုစလိုက်က ကလော့ပ် လက်အောက် အလုပ်လုပ်ရမှာကို အတော်လေး စိတ်လှုပ်ရှားနေပါတယ်။
အသက် ၂၂ နှစ်အရွယ် တိုက်စစ်အားသန် ကွင်းလယ်လူကို ဘယ်လိုနေရာမှာ ပွဲထုတ်မယ်ဆိုတာကို ဒီရာသီကြို အခြေအနေပေါ် မူတည်ပြီး ကလော့ပ်က ဆုံးဖြတ်သွားမှာပါ။ ဒေါမနစ်ကလည်း လီဗာပူးနည်းပြ အဖွဲ့ကို သူ့ရဲ့ အရည်အချင်းတွေ ထုတ်ပြဖို့ မစောင့်နိုင်အောင် ဖြစ်နေပါတယ်။
လီဗာပူးကို ရောက်ပြီးတည်းက မီဒီယာ များစွာရဲ့ မေးမြန်းမှုကို ရင်ဆိုင်နေရတဲ့ ဒေါမနစ်ကတော့ လှပတဲ့ စကားလုံးတွေနဲ့ သူ့ရဲ့ ခံစားချက် အစစ်အမှန်တွေကို ထုတ်ပြောနေခဲ့ပါတယ်။
ဒေါမနစ်က ပြောရာမှာ “ ကလော့ပ် လက်အောက် ကစားရမှာ ကျနော်အတွက်တော့ ထီပေါက်တာပါပဲ။ အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်တဲ့ သူက ကျနော် ကိုယ်တိုင်တောင် မသိသေးတဲ့ ကိုယ့်ဘာသာရဲ့ အကောင်းဆုံးတွေကို ဖော်ထုတ်ပေးနိုင်မှာပါ။ နည်းပြနဲ့ အလုပ်အတူတွဲလုပ်ဖို့ စောင့်မျှော်နေပါတယ်။
လီဗာပူးကို ရောက်လာပြီဆိုတော့ အားလုံးက ကျနော်အပေါ် မူတည်လာပြီ။ ကျနော် ကြိုးစားခဲ့တာ၊ ပေးဆပ်ခဲ့ရတာ၊ စတေးခဲ့ရတာတွေနဲ့ ထိုက်တန်တဲ့ နေရာကို ရောက်လာပြီ။ ငယ်ငယ်လေးတည်းက ဒီလိုဖြစ်လာဖို့ အိပ်မက် မက်ခဲ့တာပါ။
အခုချိန်မှာ ကျနော်က ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်း၊ ကမ္ဘာ့အကောင်းဆုံး လိဂ်တွေထဲက တစ်ခုကို ရောက်လာတာပါ။ ကျနော်အတွက်တော့ ဒီအဆင့် ရောက်လာတာ အောင်မြင်မှုပါပဲ။ လူတွေ အများကြီး ကူညီပေးခဲ့ကြလို့ ဒီလိုဖြစ်လာတာပါ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။
လီဗာပူးရဲ့ ကျောနံပါတ် ၈ အသစ်ဟာ သူ ဘယ်လောက်ထိ လုပ်ပြနိုင်တယ်ဆိုတာကို သက်သေထူဖို့ အတော်လေး စိတ်အားထက်သန်နေပြီပဲ ဖြစ်ပါတယ်။