ဖိုင်နယ်တက်တဲ့ ကာတစ်ဂျုံး၊ ဒေါမနစ်ကို ညာတောင်ပံမှာ သုံးဖို့ထိ လျာထားခြင်း၊ ကွင်းလယ်ထက်အရင် ခံစစ်မှူး ခေါ်ဖို့ ရှာနေခြင်းနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

ဂျုံးနဲ့ ဟာဗေးတို့ ပါဝင်တဲ့ အင်္ဂလန် ယူ-၂၁ အသင်းက အစ္စရေး ယူ-၂၁ အသင်းကို အနိုင်ယူပြီး ယူရိုဖိုင်နယ်ထံ တက်ရောက်ခဲ့ပါပြီ။

ကာတစ်ဂျုံးက လက်ရွေးစင်အသင်းမှာ သူ့နေရာဖြစ်တဲ့ ကွင်းလယ် အတွင်းလူ နေရာမှာ ဆက်လက် တောက်ပနေပြီး ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားပါ ဖြစ်ခဲ့ပါတယ်။ ဟာဗေးက လူစားဝင်ကာ ကစားခွင့်ရခဲ့ပါတယ်။

လီဗာပူးဘက်က အင်္ဂလန်ခံစစ်မှူး လီဗီ ကိုးဝယ်ကို စိတ်ဝင်စားကာ ခေါ်ယူလိုကြောင်း သဘောထားတွေ ဆက်တိုက် ပြသနေပေမယ့် ချယ်ဆီးဘက်က သူ့ကို ရောင်းထုတ်ဖို့ စိတ်မဝင်စားပါဘူး။

ခံစစ်မှူး ရှာဖွေနေတဲ့ လီဗာပူးဟာ ပဲလေစ့်မှ မက်ဂူဟီနဲ့ သတင်းတွေ ထွက်နေပေမယ့် ရေပန်းစားအဆင့်တော့ မဟုတ်သေးပါဘူး။ ပဲလေစ့်ဘက်ကတော့ သူတို့ ခံစစ်မှူးအတွက် ပေါင် သန်း ၆၀ လောက် လိုချင်နေပါတယ်။

လီဗာပူးအသင်း ဒီနွေမှာ တတိယမြောက် ကွင်းလယ်လူ ခေါ်ယူမယ်ဆိုရင် စိန့်မှ လာဗီယာဟာ ဖြစ်လာဖွယ် ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် ကလပ်ဘက်က ခံစစ်သမားကို အရင် ရှာဖွေနေတာပါ။

နည်းပြအဖွဲ့ကတော့ ဇန်နဝါရီမှာ အာဖရိကဖလားပြိုင်ပွဲအတွက် ဆာလာ သွားရောက် ယှဉ်ပြိုင်နေစဉ် ဒေါမနစ် ဆိုဘိုစလိုက်ကို ညာတောင်ပံထားဖို့ လျာထားတယ်လို့ သိရပါတယ်။

သီယေဂိုဟာ အခုချိန်ထိ လီဗာပူးမှာ ဆက်နေပြီး ဆုဖလားတွေအတွက်ပဲ ယှဉ်ပြိုင်ဖို့ အာရုံစိုက်ထားပါတယ်။ ဂိုးသမား ကလယ်ဟာကလည်း အသင်းပြောင်းနိုင်ဖွယ် မရှိသေးပါဘူး။

လီဗာပူးအသင်းဘက်က ဒီနွေမှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို လက်လွတ်ခံဖို့ စိတ်ကူးမရှိပါဘူး။

အာဂျင်တီးနား တိုက်စစ်မှူးဟောင်း အဂွယ်ရိုက သူအကြိုက်ဆုံး တိုက်စစ်သမား ၃ ဦး စာရင်းမှာ ရော်နယ်ဒို နာဇာရီယို၊ သီယာရီ အွန်နရီနဲ့ လူးဝစ် ဆွာရက်စ်တို့ကို ရွေးချယ်ခဲ့ပါတယ်။