ရာသီကြို ပွဲစဉ်တွေ အပါအဝင် လီဗာပူးပရိသတ်တွေ မှတ်ထားဖို့ လိုမယ့် ရက်စွဲ ၁၀ ခု

ဇူလိုင်လ ၈ ရက်နေ့ ခါဘီက အက်ဆာလေ့ကျင့်ရေးကွင်းမှာ လီဗာပူးအသင်းသားတွေ စတင် စုစည်းကြကာ ရာသီကြို ပြင်ဆင်မှု စတင်သွားတော့မှာ ဖြစ်ပါတယ်။

ပထမအပတ်မှာ စီနီယာတွေ အစုံအလင် ပူးပေါင်းဦးမှာ မဟုတ်ပေမယ့် ဇူလိုင်လ ၃၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် အာရှမြေပေါ်က ခြေစမ်းပွဲမှာတော့ အသင်းသား အားလုံး စုံလင်နေမှာဖြစ်ပါတယ်။

ဂျာမနီမှာ ရာသီကြို လေ့ကျင့်ရေးဝင်ပြီးရင် စင်္ကာပူကို ခရီးထွက်လာမယ့် လီဗာပူးဟာ ဩဂုတ်လ ၇ ရက်နေ့ ပရီစတန်ကွင်းမှာ ဘွန်ဒက်လီဂါကလပ် SV Darmstadt အသင်းနဲ့ ခြေစမ်းဖို့လည်း တရားဝင် ကြေညာလာခဲ့ပါပြီ။ ဒါကြောင့် အသင်းရဲ့ ရာသီကြို အစီအစဉ်တွေကို အသေးစိတ် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဇူလိုင်လ ၈ ရက် – လက်ရွေးစင်တာဝန်တွေ သွားရောက် ထမ်းဆောင်ထားသူတွေ မပါဝင်ဘဲ အသင်းရဲ့ ရာသီကြို အစီအစဉ် ပြန်စတင်ပါမယ်။

ဇူလိုင်လ ၁၁ ရက် – လက်ရွေးစင် တာဝန် သွားရောက် ထမ်းဆောင်ထားတဲ့ အသင်းသားတွေလည်း အသင်းနဲ့အတူ ပြန်လည် ပူးပေါင်းပါမယ်။ ဒီအဆင့်မှာ ယူ-၂၁ ယူရိုပြိုင်ပွဲဝင် ကစားသမားတွေ ပါဦးမှာ မဟုတ်ပါဘူး။

ဇူလိုင်လ ၁၉ ရက်နေ့ ဂျာမနီမှာ Karlsruher SC အသင်းနဲ့ ခြေစမ်းပွဲ ကစားမှာဖြစ်ပြီး ဇူလိုင်လ ၂၄ ရက်နေ့ ဂျာမနီမှာပဲ Greuther Furth အသင်းနဲ့ ခြေစမ်းပါမယ်။

အဲ့နောက် အာရှခရီးစဉ် ထွက်လာမယ့် လီဗာပူးအသင်းဟာ ဇူလိုင်လ ၃၀ ရက်နေ့မှာ လက်စတာ၊ ဩဂုတ်လ ၂ ရက်နေ့မှာ ဘိုင်ယန်မြူးနစ်တို့နဲ့ ခြေစမ်းပွဲ ကစားပါမယ်။

အာရှခရီးစဉ် ကာလတိုအပြီး အင်္ဂလန်ကို ပြန်သွားမှာဖြစ်ကာ ဩဂုတ်လ ၇ ရက်နေ့ ပရီစတန်ကွင်းမှာ ဘွန်ဒက်လီဂါကလပ် Darmstadt အသင်းနဲ့ ခြေစမ်းပါမယ်။

ဩဂုတ်လ ၁၃ ရက်နေ့မှာ ချယ်ဆီးအသင်းကွင်းထံသွားပြီး ပရီးမီးယားလိဂ်ပွဲ စတင် ယှဉ်ပြိုင်မှာပါ။

စက်တင်ဘာလ ၁ ရက်နေ့မှာ ယူရိုပါလိဂ် မဲခွဲမှာဖြစ်ပြီး အဲ့ညမှာပဲ အပြောင်းအရွှေ့ စျေးကွက် ပိတ်သိမ်းပါမယ်။ စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ယူရိုပါလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေ စတင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။