NEWS: သီယေဂိုနဲ့ လာဗီယာတို့ရဲ့ အပြောင်းအရွှေ့ အခြေအနေ

လီဗာပူးအသင်းဟာ သီယေဂို အယ်ကန်တာရာကို လက်လွတ်ခံဖို့ အဆင်သင့်ဖြစ်နေကာ စပိန်သားကို လက်လွတ်ရမယ်ဆိုရင် လာဗီယာကို ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

စာချုပ် တစ်နှစ်ပဲ ကျန်ရှိသလို အသက် ၃၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ သီယေဂိုအား ဒီနွေမှာ လက်မလွတ်ဘူးဆိုရင် နောက်ရာသီမှာ အလွတ်ဖြင့် ထွက်ခွင့်ပေးရမှာပါ။ သီယေဂိုဟာ လီဗာပူးအသင်းရဲ့ လုပ်ခ အမြင့်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၁၀ သန်းကျော် ရနေပါတယ်။

ဆော်ဒီကလပ်တွေဘက်က ကွင်းလယ်လူနဲ့ စကားပြောနိုင်ဖို့ ဆန္ဒရှိနေကြပြီး လီဗာပူးဘက်ကလည်း သီယေဂို ထွက်ခွာဖို့ မျှော်လင့်နေတယ်လို့ တယ်လီဂရပ် သတင်းထောက် Chris Bascombe က ဆိုပါတယ်။

သီယေဂိုရဲ့ ဆုံးဖြတ်ချက်ဟာ ဒီနွေမှာ လီဗာပူးအသင်း တတိယ ကွင်းလယ်လူ ရ/မရ အပေါ် သက်ရောက်မှု ရှိလာပါလိမ့်မယ်။ ကယ်လစ္စတာနဲ့ ဒေါမနစ်တို့ နှစ်ဦးအတွက် ပေါင် ၉၅ သန်း အကုန်အကျခံထားတဲ့ လီဗာပူးဟာ ကလော့ပ်ရဲ့ စနစ်အတွက် ငယ်ရွယ်ပြီး အကျိုးဖြစ်မယ့် ကစားသမားတစ်ဦး ထပ်ခေါ်လိုပါတယ်။

နံပါတ် ၆ နေရာ ဖာဘင်ညို၊ ဟန်ဒါဆန်၊ ဘာ့ဆီတစ်နဲ့ သီယေဂိုတို့ ကစားနိုင်တာမို့ လီဗာပူးဘက်က အလျင်စလို အားဖြည့်မှာ မဟုတ်ပါဘူး။ အဆိုပါ နေရာအတွက် ကြယ်ပွင့် တစ်ဦး ထပ်ရလိုပေမယ့် အခုကနေ ဩဂုတ်လအတွင်း ကစားသမား အထွက်ရှိမှပဲ အဝင်ရှိတော့မှာ ဖြစ်ပါတယ်။

ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာကို လီဗာပူးဘက်က သဘောကျပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ပေးရမှာပါ။ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူဟာ အနာဂတ်မှာ လီဗာပူး လိုအပ်နေတဲ့ Homegrown နေရာကိုပါ ဖြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အသက်အရွယ် ရနေတဲ့ ကွင်းလယ်ကို ပြန်လည် ပြင်ဆင်နေပြီး အကယ်လို့ သီယေဂို ထွက်ခဲ့ရင်တောင် ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့လို စီနီယာတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။ အသင်းဟာ ဟန်ဒါဆန်ကိုတော့ ဆက်ထိန်းသွားဖို့ ဆုံးဖြတ်ထားပါတယ်။

သီယေဂိုအတွက် ပြောင်းရွှေ့ကြေး ဘယ်လောက် လိုချင်တယ် မသိရပေမယ့် ၂၀၂၀ တုန်းက ဘိုင်ယန်မြူးနစ်နဲ့ စာချုပ် ၁ နှစ်ပဲကျန်တဲ့ သူ့အတွက် ပေးချေခဲ့ရတဲ့ ပေါင် သန်း ၂၀ ဝန်းကျင် ပြန်လိုချင်မယ် ခန့်မှန်းရပါတယ်။