ဆာလာ ခြေချောင်းမှာ ဘာဖြစ်နေတာလဲ? အနားယူရနိုင်သလား?

တိုက်စစ်မှူး ဆာလာမှာ ခြေထောက်ဒဏ်ရာ ရှိနေကြောင်း သတင်းတွေကို အီဂျစ်ဘက်ကနေ ဖော်ပြလာပါတယ်။

အီဂျစ် လူငယ်နဲ့ အားကစားရေးရာ ဝန်ကြီးဖြစ်သူ Ashraf Sobhi ကပဲ ဇွန်လ နိုင်ငံတကာ ပွဲစဉ်အတွင်း ဆာလာမှာ ပြင်းထန်တဲ့ ခြေချောင်း ဒဏ်ရာ ရှိခဲ့တဲ့ အကြောင်း ဒီအပတ် အီဂျစ်သတင်းဌာနတွေနဲ့ တွေ့ဆုံမှုမှာ ဖော်ထုတ်လာခဲ့တာပါ။

Sobhi က ပြောရာမှာ “ ပြီးခဲ့တဲ့ ဂူနီယာနဲ့ပွဲမှာ ဆာလာက ခြေချောင်းဒဏ်ရာ ခံစားခဲ့ရပါတယ်။ လီဗာပူးက ပါဝင်ကစားပေးခြင်း မလုပ်ဖို့ တောင်းဆိုထားပေမယ့် ဆာလာက သူ့ဖိနပ်ကို ဖြတ်တောက်တာတွေ လုပ်ပြီး ပါဝင်ခဲ့ပါတယ် ” လို့ ဖြစ်ပါတယ်။

မျက်စိလျှင်တဲ့ ပရိသတ်တွေကတော့ ဆာလာရဲ့ ခြေချောင်း ဒဏ်ရာက အီဂျစ်အသင်းနဲ့မှ ထဖြစ်တာ မဟုတ်ဘဲ ပြီးခဲ့တဲ့ ဧပရယ်တည်းက ဆာလာဟာ သူ့ရဲ့ ဖိနပ်ကို အမြဲတမ်း အပေါက်ဖောက်ပြီး ကစားနေရတာကို သတိထားမိကြောင်းတွေ ဖော်ထုတ်လာကြတယ်။

ဆာလာဟာ ရာသီကုန်ခါနီး ၈ ပွဲဆက်တိုက်ကို ဖိနပ်ဖောက်ပြီး ကစားခဲ့ရပါတယ်။ လီဗာပူးနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ အသက် ၃၁ နှစ်အရွယ် တိုက်စစ်သမားရဲ့ ဒဏ်ရာဟာ အနားယူရလောက်တဲ့ထိ မပြင်းထန်တဲ့ အသေးစား ဒဏ်ရာလို့ သိရပါတယ်။ ဒါကြောင့်ပဲ ရာသီကုန်ထိ အနားမယူဘဲ ကစားနိုင်ခဲ့တာပါ။

ဆာလာဟာ ရာသီကြို အစမှာတင် လီဗာပူးအသင်းနဲ့ ပြန်လည် ပူးပေါင်းမှာဖြစ်ပြီး ဒဏ်ရာကြောင့် နာကျင်မှုတွေကို ဒီကာလတွေအတွင်း ပြန်ကုစားထားနိုင်ပြီလို့ ယုံကြည်ရတာ ဖြစ်ပါတယ်။