လီဗာပူးအသင်းဟာ ဆောက်သမ်တန် ကွင်းလယ်လူ ရိုမီယို လာဗီယာကို စိတ်ဝင်စားပေမယ့်လို့ ကမ်းလှမ်းမှုလုပ်ဖို့ စတင်လာခြင်း မရှိပါဘူး။
ဒီနွေမှာ နံပါတ် ၈ ကွင်းလယ်လူ နှစ်ဦးကို ပေါင် ၉၅ သန်း အကုန်အကျခံ ခေါ်ယူထားတဲ့ လီဗာပူးအသင်းဟာ ကလော့ပ်ရဲ့ နည်းစနစ်မှာ အံဝင်ပြီး စွယ်စုံသုံးနိုင်မယ့် လူငယ် ကစားသမား တစ်ဦးကို ခေါ်ယူလိုပါတယ်။ အဆိုပါ ကစားသမားအဖြစ် နံပါတ် ၆ နေရာမှာ သုံးနိုင်မယ့် လာဗီယာကို သဘောကျတာပါ။
ဒါပေမယ့်လို့ စီနီယာ ကွင်းလယ်လူ တစ်ဦးကို လက်မလွတ်ရရင် လာဗီယာကို ခေါ်ယူဖွယ် မရှိဘူးလို့ သိထားရသလို ဆောက်သမ်တန် ကွင်းလယ်လူနဲ့ ပတ်သက်လို့ နောက်ဆုံးရ အပြောင်းအရွှေ့ အခြေအနေကို လီဗာပူးသတင်းထောက်က TIA ကနေ ဖော်ပြလာပါတယ်။
David Lynch က ” ဒီအခြေအနေမှာ ဘာတစ်ခုမှ ထူးခြားလာခြင်း မရှိဘူးလို့ပဲ စိတ်မကောင်းဖွယ် ပြောရပါမယ်။ လီဗာပူးဘက်က ကစားသမားကို အရမ်း သဘောကျပါတယ်။ သူ့ကို အန်ဖီးထံ ခေါ်ယူနိုင်ဖို့ နောက်ကွယ်က လုပ်ရမှာတွေကိုလည်း လုပ်ထားပြီးပါပြီ။
ဒါပေမယ့် လီဗာပူးဘက်က ကစားသမားကို ကမ်းလှမ်းဖို့ရာ အားထုတ်ဖို့ထက် အနည်းငယ် တွေဝေစဉ်းစားနေပါတယ်။ ကိစ္စတွေက ခပ်မြန်မြန် ဖြစ်လာနိုင်ပါတယ်။ အာဆင်နယ်နဲ့ ချယ်ဆီးတို့ကလည်း စိတ်ဝင်စားမှုကနေ ရုတ်တရတ် အရှိန်မြင့်လာနိုင်ပါတယ် ” လို့ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။