လီဗာပူးကို ပြောင်းလာခါနီးမှ မန်ယူနိုက်တက်ထံ ရောက်သွားခဲ့ခြင်းကို ဖွင့်ချလာတဲ့ ဗီဒစ်

နီမန်ဂျာ ဗီဒစ်ဟာ ၂၀၀၆ တုန်းက မန်ချက်စတာ ယူနိုက်တက်ကို မရောက်ခင် လီဗာပူးထံ ပြောင်းရွှေ့ဖို့ မဖြစ်မြောက်ခဲ့တဲ့ အကြောင်းကို ဖွင့်ဟခဲ့ပြီး အဲ့ဒီ့တုန်းက လီဗာပူးနည်းပြ ရာဖာ ဘင်နီတက်ဇ်က သူ့ကို ဖုန်းပြန်မခေါ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဗီဒစ်ဟာ ၂၀၀၆ ကနေ ၂၀၁၄ အထိ လီဗာပူးရဲ့ မဟာပြိုင်ဘက် အိုးထရက်ဖို့ဒ်မှာ ၈ နှစ်ကြာ ကစားခဲ့ပြီးတော့ ပရီးမီးယားလိဂ် ၅ကြိမ်၊ လိဂ်ဖလား ၃ကြိမ်နဲ့ ၂၀၀၈ ချန်ပီယံလိဂ်တို့ကို အောင်မြင်ခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ်ခေတ်အတွင်း အကောင်းဆုံး ဗဟိုနောက်ခံလူတွေထဲတစ်ယောက် ဖြစ်ခဲ့ပါတယ်။

ဗီဒစ်ဟာ ဘင်နီတက်ဇ်နဲ့ ဖုန်းထဲကနေ ဆက်သွယ်ပြောဆိုပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာပဲ စပါးတပ်မော်စကိုကနေ အိုးထရက်ဖို့ဒ်ဆီ ယူရို ၁၀.၅ သန်းနဲ့ ရောက်လာခဲ့တာဖြစ်ပါတယ်။

“ ယူနိုက်တက်နဲ့ ကျွန်တော် ပထမဆုံး ဆက်သွယ်ခဲ့တာက ၂၀၀၅ ဒီဇင်ဘာမှာပါ။ ဒါပေမယ့် အဲ့တုန်းက လီဗာပူးလည်း ပါဝင်ခဲ့တယ်။ ကျွန်တော် ရာဖာ ဘင်နီတက်ဇ်နဲ့ စကားပြောခဲ့တယ်။ ကျွန်တော် စပါးတပ်မော်စကိုမှာ ရှိခဲ့ချိန် အရင်ဆုံး လာဆက်သွယ်ခဲ့တာ သူပါပဲ။

ကျွန်တော်က အင်္ဂလိပ်လို သိပ်မပြောတတ်ဘူး။ ကျွန်တော့်ဇနီး အန်နာက ကြားထဲကနေ ပြောပေးခဲ့တာ။ ကျွန်တော့် အင်္ဂလိပ်စကားက မကောင်းလို့လေ။ ရာဖာက ကျွန်တော် အင်္ဂလန်ကို လာချင်လား ဘာညာ မေးတယ်။ အားလုံး အဆင်ပြေနေခဲ့တာ။ ဒါပေမယ့် သူက ၂ပတ် ၃ပတ်လောက် ကျွန်တော့်ကို ဖုန်းပြန်မခေါ်ခဲ့ဘူး။

အဲ့မှာ ဖာဂီထံက အဆက်အသွယ်ရခဲ့တာပဲ။ သူက ဖုန်းခေါ်လာပြီးတော့ ‘ငါမင်းကို လွန်ခဲ့တဲ့ ၆လ၊ တစ်နှစ်လောက် စောင့်ကြည့်နေခဲ့တာ. မင်းကစားပုံကိုကြိုက်တယ်.. ကလပ်အတွက် မင်းက အဆင်ပြေလိမ့်မယ်ထင်တယ်. မင်းဒီကိုလာချင်လား’ မေးခဲ့တယ်။

ကျွန်တော်ကလည်း အသင်းပြောင်းချင်တယ် ပြောခဲ့တာမို့ ‘အားလုံး စီစဉ်လိုက်မယ် ’ လို့ သူပြောပြီးတော့ တစ်ပတ်အတွင်း ကျွန်တော် မန်ချက်စတာကို ရောက်ခဲ့တော့တာပဲ ” ဆိုပြီး ဗီဒစ်က ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဘင်နီတက်စ် လက်ထက် အသင်းပိုင်ရှင်တွေဖြစ်တဲ့ တွမ်ဟင့်နဲ့ ဂျီလက်တို့ဟာ သူတို့ ပေးခဲ့တဲ့ ကတိတွေကို ချိုးဖောက်ပြီး နည်းပြကို ပံ့ပိုးပေးဖို့ အားနည်းခဲ့တာကြောင့် လီဗာပူးအသင်းဟာ အတော်လေး ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။