

ဒီကနေ့မှာ လီဗာပူးအသင်းသား ၁၀ ဦးဟာ အက်ဆာ လေ့ကျင့်ရေးထံ ပြန်လည် ပူးပေါင်းကြမှာဖြစ်ပြီး လက်ရွေးစင်တာဝန် သွားရောက် ကစားထားတဲ့ အသင်းသားတွေကတော့ အနည်းငယ် နောက်ကျမှာ ဖြစ်ပါတယ်။
ပထမရက်မှာ အတ်ဒရီယန်၊ ဘာ့ဆီတစ်၊ ဖာဘင်ညို၊ ဂိုးမက်စ်၊ မာတစ်၊ နူညက်၊ နက်ဖီးလစ်နဲ့ သီယေဂိုတို့ ပူးပေါင်းကြပါမယ်။ လက်ရွေးစင်တာဝန် ထမ်းဆောင်ထားတဲ့ ဟန်ဒါဆန်၊ ထရန့် အပါအဝင် အခြားသော ကစားသမားတွေကတော့ ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်ပူးပေါင်းပါမယ်။
ထရန့်ကလည်း နားရက် ပိုရထားပြီး သူဟာ မနှစ်ကရာသီ တောက်ပခဲ့တဲ့ ညာအစွန်နဲ့ ကွင်းလယ်လူ ပေါင်းစပ်ထားတဲ့ နေရာသစ်မှာပဲ ဆက်လက် ကစားရမယ် မျှော်လင့်ရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၁၀ ပွဲမှာ ထရန့်ဟာ ကိုယ်တိုင် ၁ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၇ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။
The Times သတင်းထောက် Paul Joyce က ပြောရာမှာ ထရန့်ဟာ အင်္ဂလန်အသင်းတာဝန်တွေ အပြီး နာရက် တစ်ပတ်ပဲယူခဲ့တယ်လို့ သိရပါတယ်။ ဒီတောက်လျှောက်မှာ ထရန့်ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ မြန်နှုန်းအတွက် တောင်တက်ခြင်း၊ အမြင့်ပိုင်းမှာ စက်ဘီးစီးခြင်း လေ့ကျင့်မှုတွေ လုပ်နေခဲ့ပါတယ်။
လာမယ့်ရာသီဟာ သူ့ရဲ့ ဂုဏ်သိက္ခာအတွက် ပြန်လုပ်ပြရမယ်လို့ ထရန့်က မြင်ထားပြီး ဆုဖလားတွေအတွက် တကယ်ကို အလေးအနက် ပြင်ဆင်နေတာပါ။ ထရန့်ဟာ ရာသီသစ်မှာတော့ မက်ကယ်လစ္စတာ၊ ဒေါမနစ် ဆိုဘိုစလိုက်တို့နဲ့ ကွင်းလယ်အတွင်း ချိတ်ဆက်ကစားရဖွယ်လည်း ရှိပါတယ်။
လီဗာပူးရဲ့ ကွင်းလယ်သမား ၄ ဦးနေရာအပြင် ညာခြမ်းမှာ ကိုနတေး၊ ဒေါမနစ်၊ ဆာလာတို့နဲ့ ထရန့်ကြားက နားလည်နိုင်စွမ်းတွေဟာ ကလော့ပ်ရဲ့ စနစ် ပြီးပြည့်စုံစေဖို့ အကူအညီဖြစ်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။