ကာတစ်ဂျုံးက အခြားအသင်းက စပိန်သားဆိုရင် သူ့ကို ခေါ်ပေးဖို့ လီဗာပူးပရိသတ်တွေ အရူးအမူး တောင်းဆိုကြမှာပါ

ကလပ်ပွဲတွေအပြီး ယှဉ်ပြိုင်ကစားတဲ့ ယူ-၂၁ အဆင့် ယူရိုပြိုင်ပွဲကြီး ပြီးဆုံးခဲ့ပြီဖြစ်ကာ အင်္ဂလန်အသင်းက ချန်ပီယံဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ အင်္ဂလန်အသင်း ကွင်းလယ်လူ ကာတစ်ဂျုံးဟာ ထင်ပေါ်တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ကာ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေရဲ့ အကောင်းဆုံး ကစားသမားဆုလည်း ရခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ဟာဗေးလည်း ပါဝင်ခဲ့ပေမယ့် ဂျုံးလောက်တော့ ပွဲထွက်ခွင့် မရခဲ့ပါဘူး။

အသက် ငယ်ငယ်နဲ့တင် စီနီယာအဆင့်ထံ ရောက်ရှိလာခဲ့ပေမယ့် မထင်မှတ်တဲ့ ဒဏ်ရာတွေကြောင့် လီဗာပူးအသင်းမှာ ခက်ခဲတဲ့ ၂၄ လကာလကို ပိုင်ဆိုင်ခဲ့ပြီး တိုးတက်မှုတွေ နှေးကွေးခဲ့တဲ့ ဂျုံးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ရာသီသိမ်းခါနီးမှာတော့ ယာဂင်ကလော့ပ်ရဲ့ အဓိက ကစားသမားဖြစ်ခဲ့ပါတယ်။

ကလောပ့်က ဘယ်ခြမ်း နံပါတ် ၈ နေရာမှာ အသုံးပြုခြင်း ခံခဲ့ရတဲ့ ကာတစ်ဟာ အင်္ဂလန်အသင်းမှာတော့ ကွင်းလယ် အတွင်းလူနေရာကနေ အဓိက ကစားခဲ့တာပါ။ ဒါဟာ ဂျုံးကို ကွင်းလယ်မှာ စွယ်စုံသုံးနိုင်တယ်ဆိုတာ မြင်သာစေပါတယ်။

လီဗာပူးဖန်အကောင့် တစ်ခုဖြစ်တဲ့ The Kop Watch ကတော့ ” အကယ်လို့ ကာတစ်ဂျုံးက စပိန်သားဆိုရင် ဒီပြိုင်ပွဲမှာ ပြသခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်အရ တွစ်တာမှာ သူ့ကို ခေါ်ပေးပါဆိုပြီး လူတိုင်းက FSG ကို ပူဆာကြပါလိမ့်မယ်။

ဒါပေမယ့် သူက ပေါင် သန်း ၅၀ လောက်ပေးပြီး ခေါ်ထားရသူလည်း မဟုတ်သလို အကယ်ဒမီကနေ ထွက်လာသူဆိုတော့ သူဟာ ကလပ်ရဲ့ ပလန်တွေထဲမှာ အစိတ်အပိုင်းကြီးအဖြစ် ပါဝင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အမြင်တွေက ရှိနေပါတယ် ” ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂျုံးဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာမှာ အဆင်သင့် ဖြစ်နေပါပြီ။ ဆိုဘိုစလိုက်နဲ့ အရွယ်တူ ကွင်းလယ်လူဟာ လာမယ့်ရာသီ ကလော့ပ်ရဲ့ အားထားရတဲ့ ကစားသမားဖြစ်လာဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။