ကွင်းလယ် လူသစ်တွေကို ကြိုဆိုရင်း ချီးကျူး မှတ်ချက်စကား ထုတ်ပြောလိုက်တဲ့ ဖာဘင်ညို

ခါဘီကို ပြန်ရောက်လာပြီဖြစ်တဲ့ ကွင်းလယ်လူ ဖာဘင်ညိုက ဒီနွေမှာ အသင်း ခေါ်ယူထားတဲ့ ကစားသမားသစ်တွေနဲ့ ပတ်သက်ပြီး ထင်မြင်ချက် ပေးလာပါတယ်။

မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့ ၂ ဦးလုံးဟာ လီဗာပူးအသင်းကို ပြိုင်ဘက်တွေ အဖြစ် ရင်ဆိုင်ခဲ့ဖူးသူတွေပါ။ ဒါကြောင့် သူတို့က ဘယ်လောက်ထိ ကောင်းကြတယ် ဆိုတာကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ဖူးတဲ့ ဖာဘင်ညိုကလည်း သိထားပါတယ်။

ဘရာဇီးသားက ပြောရာမှာ “ လက်တလောထိတော့ လူသစ်တွေအဖြစ် မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့ ရောက်လာခဲ့ပါပြီ။ သူတို့နဲ့တော့ မတွေ့ရသေးပါဘူး။ သူတို့က အားလပ်ရက် နည်းနည်းလေး ပိုရထားပါတယ်။ သူတို့ ကျနော်တို့နဲ့အတူ အဆင်သင့်ဖြစ်နေဖို့ မျှော်လင့်ပါတယ်။

သူတို့ အသင်းမှာ အသားကျသွားဖို့ ကူညီပေးမှာပါ။ သူတို့ အဆင်သင့်ဖြစ်နေဖို့ ဖြစ်နိုင်သလောက် အမြန်ဆုံး အနေအထားနဲ့ အသင်း ကစားဟန်မှာ အသားကျဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ ကွင်းလယ်လူ ၃ ယောက်လောက် ဆုံးရှုံးထားတော့ ကွင်းလယ်မှာ ကစားသမားသစ်တွေရတာ ကောင်းပါတယ်။ သူတို့ကို လိုပါတယ်။

ကျနော်တို့ ကစားတဲ့ ပြင်းထန်တဲ့ ကစားပုံနဲ့ဆိုရင် ကွင်းလယ်မှာ ၃၊ ၄ ဦးပဲ ရှိတာထက် ၆ ယောက်လောက် ရှိနေတာက ပိုကောင်းပါတယ်။ ကျနော်တို့ ရလိုက်တဲ့ ကစားသမားကလည်း ကောင်းပါတယ်။

သူတို့နဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ဖူးတာမို့ ဘယ်လောက်ကောင်းလဲ သိပါတယ်။ သူတို့ကို ရလိုက်တာ အသင်းအတွက် ကောင်းပါတယ် ” လို့ မှတ်ချက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဖာဘင်ညိုဟာ လာမယ့်ရာသီ ပွဲထွက်လူစာရင်းမှာ သူ့ရဲ့ နေရာကို ဆက်ထိန်းနိုင်မယ် ယုံကြည်ခြင်းခံရသူပါ။ သူဟာ ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့ရဲ့ အဓိက တွဲဘက်လည်း ဖြစ်လာနိုင်တာ ဖြစ်ပါတယ်။