လီဗာပူးအသင်းဘက်က ဒီနွေမှာ ခေါ်ယူလိုနေတဲ့ ဗဟိုခံစစ်မှူး လီဗီ ကိုးဝယ်က မကြာခင်မှာ အနာဂတ်ကိစ္စ ဆုံးဖြတ်နိုင်ဖို့ စကားပြောမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြောလာပါတယ်။
အင်္ဂလန်ခံစစ်မှူးဟာ ယူ-၂၁ အသင်းနဲ့အတူ ယူရိုဖလား အနိုင်ရခဲ့ပြီဖြစ်ကာ မကြာခင်မှာတော့ ချယ်ဆီးနည်းပြသစ်ဖြစ်တဲ့ ပိုချက်တီနိုနဲ့ ဆွေးနွေးစကားပြောမှု ပြုလုပ်မှာပါ။ သူ့ကို ခေါ်ယူဖို့ လီဗာပူးနဲ့အပြိုင် ဘရိုက်တန်ကလည်း စိတ်ဝင်စားနေပါတယ်။
ဒီနွေမှာ ဘရိုက်တန်ဘက်က အသက် ၂၀ အရွယ် ခံစစ်မှူးကို ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းခဲ့စဉ် ချယ်ဆီးဘက်က ပယ်ချခဲ့ကာ လီဗာပူးဘက်က ချဉ်းကပ်မှုကိုလည်း ရောင်းရန် မဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့တာပါ။ ကစားသမားရဲ့ ဆန္ဒအပေါ် မူတည်ပြီး လီဗာပူးဘက်က ရှေ့တိုးမလား နောက်ဆုတ်မလား ဆုံးဖြတ်နိုင်ပါတယ်။
အပြောင်းအရွှေ့ ကိစ္စတွေအတွက် ကိုးဝယ်က “ ကျနော်ရဲ့ မိသားစုနဲ့ စကားပြောပါမယ်။ ကျနော် ပြောဖို့လိုတဲ့ လူတိုင်းနဲ့ စကားပြောမှာပါ၊ ပြီးရင် ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။ ကျနော် ပွဲကစားခွင့်ရဖို့ လိုပါတယ်။
နောက်တစ်ကြိမ် နိုင်ငံအသင်းနဲ့ ပူးပေါင်းချိန်မှာ လက်ရွေးစင်အသင်း လေ့ကျင့်ရေးဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့်လို့ အင်္ဂလန် ယူ-၂၁ မှာ ဆက်ကစားရမယ်ဆိုရင်လည်း ကျနော် ပျော်ပါတယ်။ သက်တမ်းအလိုက် အကောင်းဆုံး အသင်းမှာ ရွေးချယ်ခံရတာကို ပျော်ပါတယ်။ ဒါက ဂုဏ်ယူစရာပါ ” လို့ ပြောခဲ့ပါတယ်။
ကိုးဝယ်အနေနဲ့ ချယ်ဆီးမှာ ဆက်နေမယ်ဆိုရင် လန်ဒန်ကလပ်ရဲ့ ခံစစ်မှူး ၅ ဦးထဲက တစ်ဦးအဖြစ် ဆက်ရှိနေမှာပါ။ လီဗာပူးကို ပြောင်းလာခဲ့ရင်လည်း နေရာပြိုင်ဆိုင်မှု ရှိနိုင်ပေမယ့် အသက် ၃၂ နှစ်အရွယ် ဗန်ဒိုက်၊ မာတစ်တို့နေရာ ရေရှည် အစားထိုးခံရနိုင်တာ ဖြစ်ပါတယ်။