၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် ကလပ်တွေဟာ ပြင်ဆင်မှုတွေ စတင်လာနေပြီဖြစ်ကာ လီဗာပူးအသင်းကလည်း စီနီယာအားလုံး နီးပါး ဒီကနေ့မှာ ပြန်လည် စုစည်းထားခဲ့ပါပြီ။
မနှစ်ကရာသီဟာ ဆုဖလား လက်မဲ့ဖြစ်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ပါ လွဲချော်ခဲ့တာမို့ အသင်းအတွက် ကျရှုံးတဲ့ ဘောလုံးရာသီ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရာသီသစ်မှာ အသင်းဟာ ဆုဖလားတွေ ပြန်လည် စိန်ခေါ်လာနိုင်မှာပါ။ အဲ့လို လုပ်နိုင်မယ်လို့ ယုံကြည်စရာ အကြောင်းရင်း ၃ ချက် ရှိပါတယ်။
သန်မာတဲ့ ကွင်းလယ် ရွေးချယ်စရာများ
ကလော့ပ်ဟာ သူ့ရဲ့ ကွင်းလယ် ပြန်တည်ဆောက်ဖို့ အချိန်တန်ပြီဆိုတာကို နားလည်ပါတယ်။ အာသာ၊ ကိတ်တာ၊ မီလ်နာ၊ ချိန်ဘာလိန်တို့ကို ထွက်ခွင့်ပေးခဲ့တဲ့နောက် ဒီနွေမှာ နံပါတ် ၈ ကွင်းလယ်လူ ၂ ဦးကို ရာသီကြို မတိုင်ခင်မှာတင် ခေါ်ယူထားခဲ့ပါတယ်။
လီဗာပူးဘက်ကတော့ တတိယမြောက် ကွင်းလယ်လူကို နံပါတ် ၆ နေရာနဲ့ ကွင်းလယ် နေရာစုံမှာ ကစားနိုင်မယ့် လူငယ်စတား တစ်ဦး ခေါ်ယူလိုနေပါသေးတယ်။ အဲ့အတွက် အလျင်စလို ချိတ်ဆက်မှာတော့ မဟုတ်ဘဲ စျေးကွက်ထဲကနေ သေသေချာချာ စောင့်ကြည့်သွားမှာပါ။
အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ မီလ်နာရဲ့ နေရာကို လွဲယူရတော့မယ်လို့ သိထားရတာမို့ ပွဲကစားခွင့် အကန့်အသတ် ရှိလာတော့မှာပါ။ ဖာဘင်ညိုဟာ နံပါတ် ၆ နေရာအတွက် အဓိက ကစားသမားဖြစ်လာနိုင်ပြီး သီယေဂို၊ ဟန်ဒိုတို့ကလည်း အဆိုပါ နေရာမှာ အားဖြည့်ပေးနိုင်ပါတယ်။
ချန်ပီယံလိဂ်ပွဲ မရှိခြင်း
ယူရိုပါလိဂ်ရဲ့ ပြင်းထန်မှုဟာ ချန်ပီယံလိဂ်ကိုတော့ မမီပါဘူး။ လက်ရှိ လီဗာပူးလူစာရင်းအရ ဒီပြိုင်ပွဲကို အနိုင်ရမယ့် ရေပန်းစား အသင်းတွေထဲ ထိပ်ဆုံးကနေ ရှိနေမှာပါ။
နောက်ဆုံး ၅ ရာသီမှာ ချန်ပီယံလိဂ် ဖိုင်နယ်ကို ၃ ကြိမ် တက်ရောက်နိုင်ခဲ့သလို ကလော့ပ် လက်ထက် တစ်ကြိမ်တည်းသော ယူရိုပါလိဂ် ကစားရတဲ့ နှစ်တုန်းကလည်း ဖိုင်နယ်တက်ခဲ့တဲ့ လီဗာပူးအသင်းဟာ ဒီရာသီမှာလည်း ပြိုင်ပွဲရဲ့ မြင့်မားတဲ့ အဆင့်ကို ရောက်နိုင်သင့်ပါတယ်။
အာဆင်နယ်က မန်စီးတီးကို ယှဉ်ပြိုင်ပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်သွားနိုင်တဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ချက်ဟာ ချန်ပီယံလိဂ်ပွဲတွေ မရှိခြင်းကြောင့် ပါဝင်ပါတယ်။ ကလော့ပ် အနေနဲ့ လူငယ်တွေအပြင် အလှည့်ကျ ပွဲထုတ်မှုတွေကို ကြားရက်တွေမှာ ပြုလုပ်ခွင့်ရလာမှာပါ။
စီနီယာတွေရဲ့ ကြံ့ခိုင်မှု
မနှစ်ရာသီစမှာ လီဗာပူးအသင်းရဲ့ စီနီယာကစားသမား များစွာဟာ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်ခဲ့ရပါတယ်။ မာနေး ထွက်ခွာသွားခဲ့ကာ ဒီယက်စ်၊ ဂျိုတာတို့ ဒဏ်ရာတွေရနေခဲ့တာက လီဗာပူးကို ရုန်းကန်ရမှုတွေ ရှိစေတယ်။ ဒါ့အပြင် ဘောလုံးရာသီဝက်မှာ ကမ္ဘာ့ဖလား ရှိနေခဲ့တာကလည်း သက်ရောက်မှု ကြီးခဲ့ပါတယ်။
ဒီရာသီစတော့ မတူညီတော့ပါဘူး။ တိုက်စစ်မှာ ရွေးချယ်စရာ ၅ ဦးထိ ရှိနေသလို ကွင်းလယ်မှာလည်း ဘာ့ဆီတစ်နဲ့ မော်တန် မပါဘဲကို ကွင်းလယ်လူ ၆ ဦး ရှိနေပါတယ်။ တစ်ခုတည်းသော အားနည်းနေတဲ့ နေရာက ဗဟိုခံစစ်မှူး နေရာပဲ ဖြစ်ပါတယ်။
ရာသီကုန်ခါနီး မြင်ရတဲ့ မြင်ကွင်းတွေအရဆိုရင် တည်ငြိမ်တဲ့ လူစာရင်းနဲ့ဆိုရင် အသင်းဟာ ရလဒ်ကောင်းတွေကို ရယူနိုင်နေဆဲဖြစ်ကာ အန္တရာယ်ကြီးတဲ့ အသင်းတစ်သင်း ဖြစ်နေဆဲလို့ ယုံကြည်နေမိပါတယ်။