ဆာလာဟာ နော်တင်ဟမ်ဖောရတ်နဲ့ပွဲမှာ အဆုံးအဖြတ်ဂိုးကို သွင်းယူခဲ့ပြီးနောက် လီဗာပူးရဲ့ ထာဝရ ထိပ်တန်းဂိုးသွင်းရှင် စာရင်းမှာ နံပါတ် ၆ နေရာကို အဆင့်တက်လာခဲ့ပါတယ်။
မာဆေးဆိုက်မှာ ၆နှစ်အတွင်း သွင်းဂိုးစုစုပေါင်း ၁၈၃ ဂိုး ရထားသလို စံချိန်များစွာ ချိုးခဲ့ပြီးသားဖြစ်တဲ့ ဆာလာဟာ လီဗာပူးကစားသမားဘဝ ထပ်မံ ချိုးဖျက်ဖို့ ခက်ခဲမယ့် စံချိန် ၆ ခု ရှိနေပါတယ်။
တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံး – အီယန်ရက်ရှ် (၄၇ဂိုး)
ဆာလာဟာ အန်ဖီးမှာ ပွဲဦးထွက်ရာသီအတွင်း ပြိုင်ပွဲစုံ ၅၂ ပွဲမှာ ၄၄ ဂိုးသွင်းယူပြီးတဲ့နောက် ရက်ရှ်ရဲ့စံချိန်နဲ့ နီးစပ်ခဲ့ပါသေးတယ်။ အဆိုပါ ရာသီမှာ အီဂျစ်သားဟာ ၅၂ ပွဲအတွင်း ၄၄ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။
တစ်နှစ်အတွင်း ဂိုးအများဆုံး – အီယန်ရက်ရှ် (၄၄ဂိုး – ၁၉၈၆)
ရက်ရှ်ဟာ ၁၉၈၆ ခုနှစ်တုန်းက တစ်နှစ်အတွင်း သွင်းဂိုး ၄၄ဂိုး ရရှိခဲ့ပါတယ်။ လီဗာပူးအတွက် ဆာလာရဲ့ အကောင်းဆုံးနှစ်က ၂၀၁၈ ဖြစ်ပြီး ၃၇ ဂိုး သွင်းယူခဲ့ကာ သူ့ရဲ့ခြိမ်းခြောက်နိုင်စွမ်းကို ပြသခဲ့ပါတယ်။
တစ်ပွဲအတွင်း ဂိုးအများဆုံး – (၅ဂိုး) – ကစားသမား ၅ယောက်)
တခြားစံချိန်တွေထက် ဒါက ပိုခက်ခဲပါလိမ့်မယ်။ လီဗာပူးအသင်း ကစားသမားဟောင်း ၅ ဦးက တစ်ပွဲတည်း သွင်းဂိုး ၅ ဂိုး ရဖူးပါတယ်။ ဆာလာက အနီးစပ်ဆုံး အနေနဲ့ ၂၀၁၈ မတ်လတုန်းက ဝက်ဖို့ဒ်ကို ၅ဂိုးပြတ် အန်ိုင်ရခဲ့တဲ့ပွဲမှာ သူ ၄ဂိုး သွင်းယူခဲ့ဖူးပါတယ်။
လီဗာပူးအတွက် ချန်ပီယံလိဂ် ပွဲအများဆုံး – ဂျေမီကာရေဂါ (၉၁ပွဲ)
ဆာလာဟာ ကလပ်ကို ရောက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ကစားခွင့် ခြိမ်းခြောက်ခံနေရပါတယ်။ လက်ရှိမှာ လီဗာပူးကစားသမားဘဝ ချန်ပီယံလိဂ် ၆၆ပွဲ ကစားထားတဲ့ ဆာလာအနေနဲ့ ကာရေဂါရဲ့ ကာလရှည်ကြာ စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေးရှိနေဆဲပါ။
လီဗာပူးအတွက် ပရီးမီးယားလိဂ် ဟက်ထရစ်အများဆုံး
(ရော်ဘီဖောင်လာ – ၉ကြိမ်)
ဆာလာဟာ လီဗာပူးကို ရောက်လာပြီးကတည်းက ပရီးမီးယားလိဂ် ဟက်ထရစ် ၄ကြိမ် ရရှိခဲ့ပြီး ဝက်ဖို့ဒ်၊ ဘုန်းမောက်၊ လိဒ်စ်၊ ယူနိုက်တက်တို့ကို သွင်းယူခဲ့တာပါ။ ရော်ဘီ ဖောင်လာက ဟက်ထရစ် ၉ကြိမ်ရထားပြီး ပရီးမီးယားလိဂ် သမိုင်းတလျှောက် သူ့ထက် ပိုရထားတဲ့ ကစားသမားတွေဆိုလို့ အလန်ရှီးယား (၁၁ကြိမ်) နဲ့ အဂွဲရိုး (၁၂ကြိမ်) တို့ပဲ ရှိပါတယ်။
ပရီးမီးယားလိဂ် ပင်နယ်တီဂိုးအများဆုံး (စတီဗင်ဂျရတ် – ၃၂ဂိုး)
ဆာလာဟာ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ နောက်ဆုံး ပင်နယ်တီ ၃ကြိမ်ကို လွဲချော်ခဲ့ပါတယ်။ သူဟာ ကလပ်အတွက် စုစုပေါင်း ပင်နယ်တီ ၁၈ ဂိုး သွင်းယူပေးထားတာဖြစ်ပြီး ဂျရတ်ကို လိုက်မီဖို့ ၁၄ဂိုး လိုပါသေးတယ်။