

၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် လီဗာပူးအသင်းရဲ့ ရာသီကြို ပြင်ဆင်မှုဟာ မနေ့ကပဲ လူစုံစွာဖြင့် စတင်လာခဲ့ပြီ ဖြစ်ပါတယ်။
နိုင်ငံတကာပွဲတွေ သွားကစားထားတဲ့ စီနီယာတွေဟာ နားရက် ၃ ရက် ပိုရခဲ့ကာ မနေ့ကတော့ အက်ဆာ လေ့ကျင့်ရေးမှာ အားလုံး သတင်းပြန်ပို့ခဲ့ပါပြီ။ ဗန်ဒိုက်၊ ဆာလာ၊ ထရန့်တို့နဲ့တကွ ကစားသမားသစ်တွေဖြစ်တဲ့ မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့လည်း အသင်းနဲ့ ပူးပေါင်းခဲ့ကြပါတယ်။
အသင်းရဲ့ ရာသီကြို ပြန်စတင်မှုကနေ မြင်ရတဲ့ ထူးခြားမှုတွေကို ဖော်ပြသွားပါမယ်။
ဟန်ဒိုကပေးတဲ့ လုံ့ဆော်မှု
ဒီနွေမှာ ဟန်ဒိုဟာ ဘောက်ဆင် ကစားနေခဲ့ကာ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ထိန်းသိမ်းခဲ့ပါတယ်။ ဒါကြောင့်ပဲ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးချိန်မှာ သူ့ရဲ့ ဝမ်းဗိုက်နဲ့ နောက်ကျောတွေမှာ တောင့်တင်းတဲ့ ကြွက်သားတွေကို မြင်ခဲ့ရတယ်။ ဟန်ဒိုရဲ့ ဘော်ဒီပိုင်း အပြောင်းအလဲဟာ ဆာလာ၊ ရိုဘိုနဲ့ နည်းပြကလော့ပ်တို့ကို သဘောကျစေပါတယ်။
ဒါဟာ ကွင်းလယ်လူသစ်တွေ ရောက်လာတဲ့နောက် အသင်းသားတွေ ပိုမို အားထုတ်ဖို့ လိုအပ်နေပြီဆိုတာ အသင်းခေါင်းဆောင် ကိုယ်တိုင်က နားလည်ထားကြောင်း ပြသမှု ဖြစ်လာခဲ့တယ်။
အစောပိုင်းနေ့ရက်တွေ ပြန်အမှတ်ရစေတဲ့ ထရန့်
ထရန့်က ဆံပင်ခပ်တိုတိုထားပြီး ပြန်လာချိန်မှာ ဂက်ပိုက ဝမ်းပန်းတသာ နှုတ်ဆက်ခဲ့ပါတယ်။ ဗန်ဒိုက်နဲ့ စကားပြောချိန်မှာလည်း ကျနော်ရဲ့ အကောင်းဆုံးတွေ ပြန်လုပ်ပြမှာလို့ ထရန့်က ပြောခဲ့ပါသေးတယ်။ သူကပဲ စိတ်သစ် လူသစ်နဲ့ အကောင်းဆုံး လုပ်ပြမယ်လို့ အခြားအသင်းဖော်ကိုလည်း ပြောခဲ့ပါတယ်။
ရာသီကြို မတိုင်ခင် ထရန့် ညှပ်လာတာဟာ ၂၀၁၇ မှာတုန်းက စီနီယာအဆင့်ထံ တက်လှမ်းလာချိန် သူထားခဲ့တဲ့ ဆံပင်စတိုင်ဖြစ်ပါတယ်။ ထရန့်ရဲ့ ဘောလုံးအပေါ်ပဲ အပြည့်အဝ အားစိုက်တော့မယ်ဆိုတဲ့ ကြေညာချက်ဟာ အခြားသော အသင်းဖော်တွေအတွက် သတိပေးချက် ဖြစ်လာပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံ
မက်ကယ်လစ္စတာရဲ့ ရုပ်ပိုင်းဆိုင်ရာကို စစ်ဆေးနေချိန်မှာ ဗန်ဒိုက်က အာဂျင်တီးနားရဲ့ ဖုန်းမှာထားတဲ့ lockscreen ကို မြင်ခဲ့ပါတယ်။ ကယ်လစ္စတာက ကမ္ဘာ့ဖလား ကိုင်မြောက်နေတဲ့ ပုံကို သူ့ဖုန်းမှာ တပ်ထားတာပါ။ ချန်ပီယံတစ်ဦးက ချန်ပီယံအသင်းထံ ပြောင်းလာတာထက် ပိုတဲ့ လုံ့ဆော်ပေးနိုင်တာမျိုး မရှိနိုင်တော့ပါဘူး။
ဆာလာနဲ့ ဆိုဘိုစလိုင်
ပထမအသုတ် ကြံ့ခိုင်မှု စစ်ဆေးချက်မှာ အနိုင်ရခဲ့သူက ဆာလာဖြစ်ပါတယ်။ အီဂျစ်သားဟာ သူ့ရဲ့ မြန်နှုန်း၊ ကြံ့ခိုင်မှုတွေကို ရာသီကြိုမှာလည်း ဆက်ထိန်းထားနိုင်ခဲ့တယ်။ နိုင်ပွဲနဲ့ သွင်းဂိုး ဆာလောင်တဲ့ ဆာလာကို ဆက်မြင်ရတာဟာ အသင်းအတွက် အရေးကြီးပါတယ်။
အသေအချာကြီး မြင်ခဲ့ရတာ မဟုတ်ပေမယ့်လို့ ဒုတိယအသုတ် ကြံ့ခိုင်မှုပိုင်း စစ်ဆေးရာမှာတော့ ဆိုဘိုစလိုင်က နောက်ဆုံးထိ ဆက်ရှိနေသူလို့ ယူဆရပါတယ်။ ရတ်ဘူး ဘောလုံးအဖွဲ့ကနေ ထွက်ပေါ်လာတာမို့ သူဟာ ဖိအားပေးခြင်းနဲ့ မရပ်မနား အားထုတ်ခြင်းတွေမှာ အသားကျနေပြီးသား ကစားသမားဖြစ်ပါတယ်။
ညာခြမ်း နံပါတ် ၈ နေရာ၊ ညာတောင်ပံနေရာနဲ့ ကွင်းလယ်တိုက်စစ်နေရာတွေမှာ ကစားနိုင်မယ့် ဒေါမနစ် ဆိုဘိုစလိုင်းဟာ ဒီယက်စ်၊ ဂက်ပိုတို့လို အသင်းကစားကွက်မှာ အမြန်ဆုံး အံဝင်နိုင်ဖို့ မျှော်လင့်ပါတယ်။
စီနီယာနဲ့ လူငယ်ကြယ့်ပွင့်တွေ စုံလင်နေခြင်း
အသင်းရဲ့ လေ့ကျင့်ရေးမှာတော့ စီနီယာ အားလုံးနီးပါး အပြင် ဘရတ်ဒလေ၊ ကိတ်ဂေါ်ဒန်၊ ဘာ့ဆီတစ်တို့ကိုလည်း မြင်ခဲ့ရပါတယ်။ ဒီလောက် အင်အားကောင်းကောင်းနဲ့ လူစာရင်းမျိုးကို မမြင်ရတာ အတော်လေး ကြာနေပါပြီ။
ကစားသမားတိုင်းကို ရိုဘိုက လိုက်လံ နှုတ်ဆက်နေပြီး မီလ်နာ မရှိတော့တဲ့ ခေါင်းဆောင်ပိုင်းကို သူလည်း ပါဝင် တာဝန်ယူဖွယ် ရှိပါတယ်။