ရာသီကြိုမှာ ကလော့ပ် နီးနီးကပ်ကပ် စောင့်ကြည့်နေမယ့် လီဗာပူး လူငယ် (၅) ဦး

လီဗာပူးအသင်းရဲ့ အကယ်ဒမီဟာ ဒီနှစ်တွေထဲမှာ စီနီယာအသင်းအတွက် အကျိုးဖြစ်မယ့် လူငယ်ကြယ်ပွင့်တွေ မွေးထုတ်ပေးနိုင်စွမ်း နည်းပါးနေပါတယ်။

မော်ဆန်၊ ဘရတ်ဒလေ၊ ဘာ့ဆီတစ်၊ လုခ်ချမ်ဘား အစရှိတဲ့ အကယ်ဒမီ ကြယ်ပွင့်တွေဟာ သူတို့ရဲ့ အလားအလာတွေ ပြသထားပြီးပါပြီ။ ရာသီကြိုမှာ ကလော့ပ်ရဲ့ရှေ့ လေ့ကျင့်ရေးဝင်ပြီး သူတို့ရဲ့ အစွမ်းအစကို ပြသနိုင်ရင် လာမယ့်ရာသီ စီနီယာပွဲကစားခွင့် ရနိုင်တဲ့ လူငယ် ၅ ဦးကို ဖော်ပြပါမယ်။

ဗန်ဒုတ်
အသက် – ၁၇ နှစ် (ညာတောင်ပံ)

တောင်ပံမှာ မဆုတ်မနစ် ကြိုးစားကစားတဲ့ ဗန်ဒုတ်ဟာ လူငယ်တန်းမှာ တောက်လျှောက် နာမည်တက်လာခဲ့ပါတယ်။ ရာသီကြိုမှာ လီဗာပူးအသင်းနဲ့အတူ အားစိုက်နိုင်ဖို့ စကော့တလန် အသင်း လူစာရင်းကနေပါ နှုတ်ထွက်ထားခဲ့ပါတယ်။ နောက်ရာသီမှာ ဂေါ်ဒန်ထက် ဒုတ်ခ်က မကြာခဏ ပိုပြီးတော့ အခွင့်အရေး ရခဲ့ရင်တောင် အံ့ဩစရာ ဖြစ်မှာမဟုတ်ပါဘူး။

မာဆယ်လို ပီတာလူဂါ
အသက် – ၂၀ နှစ် (ဂိုးသမား)

ကလယ်ဟာ အသင်းကနေ ထွက်ခွာလိုတာကြောင့် အသင်းဟာ ဂိုးသမား အရံ အနည်းဆုံး တစ်ယောက် ခေါ်ယူရမှာပါ။ အခြားသော အသင်းတွေက ကြယ်ပွင့်တွေ ခေါ်ယူနိုင်သလို ပီတာလူးဂါလို အကယ်ဒမီကြယ်ပွင့်ကိုလည်း အသုံးချနိုင်ဖွယ် ရှိပါတယ်။ သူဟာ အသင်းကြီးနဲ့အတူ ပုံမှန် လေ့ကျင့်ရေးဆင်းနေကျ ဖြစ်ပါတယ်။

ကွမ်းဆက်
အသက် – ၂၀ နှစ် (ခံစစ်မှူး)

အသက် ၂၀ အရွယ် ကွမ်းဆက်ဟာ ရုပ်ပိုင်းဆိုင်ရာ အားကောင်းပြီး လက်ရှိ အကယ်ဒမီ အဆင့်ရဲ့ အကောင်းဆုံး ခံစစ်မှူးဖြစ်ပါတယ်။ သူဟာ လီဗာပူးအသင်းနဲ့ ကာလရှည် စာချုပ် ချုပ်ဆိုထားသူပါ။ အသင်းက ဗဟိုခံစစ်မှူးသစ် လိုနေတာဖြစ်လို့ ကွမ်းဆက်ဟာ စီနီယာအသင်း လိုအပ်ချက်ကို ဖာထေးပေးနိုင်မယ့် ကြယ်ပွင့် ကစားသမား ဖြစ်လာနိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။

ဘော်ဘီကလက်
အသက် – ၁၈ နှစ် (ကွင်းလယ်လူ)

ဘော်ဘီကလက်ဟာ နယူးကာဆယ် ဂန္တဝင်ရဲ့ သားဖြစ်ကာ ဘောလုံးပါရမီပါပြီး တောက်ပတဲ့ အနာဂတ် ရှိပါတယ်။ လာမယ့်ရာသီ နေရာမပေးဘူးဆိုရင် သူ့ကို အငှားချလိုက်တာက အသင့်တော်ဆုံး ဖြစ်မှာပါ။ ကွင်းလယ်လူဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ ပုံမှန် ကစားချိန်အတွက် ယှဉ်ပြိုင်ရတဲ့ အတွေ့အကြုံ လိုအပ်နေပါတယ်။

လူးဝစ် ကူးမက်စ်
အသက် – ၁၇ နှစ် (တိုက်စစ်မှူး)

လူးဝစ် ကူးမက်စ်ဟာ ဘောလုံးမျိုးရိုးရှိပြီး သူ့ရဲ့ ဖခင်ကတော့ ဝီဂန် ကွင်းလယ်လူဟောင်း ဂျေဆန်ဖြစ်ပါတယ်။ မနှစ်ကရာသီ အကယ်ဒမီအဆင့်မှာ ၂၂ ပွဲကစား ၁၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅ ကြိမ် လုပ်ခဲ့ပါတယ်။ အဆုံးသတ်ပိုင်းမှာ ပါရမီပါတယ်လို့ သတင်းထွက်နေပြီး ဝေလ်း ယူ-၁၉ အသင်းကို ကိုယ်စားပြုခွင့် ရထားပါတယ်။