ဟန်ဒါဆန်ကို လက်လွတ်ရရင် လီဗာပူးအတွက် ဘာတွေ ထိခိုက်မလဲ? ဘာတွေ ကောင်းကျိုးဖြစ်မလဲ?

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ဆော်ဒီပရိုလိဂ်ဘက်က လက်ရှိ အန်ဖီးမှာ ရနေတဲ့ လုပ်ခရဲ့ ၄ ဆအဖြစ် တစ်ပတ်ကို ပေါင် ၇ သိန်းပေးမယ့် ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။

ဟန်ဒါဆန်ကတော့ လီဗာပူးအသင်းမှာ သူ့ရဲ့ အခြေအနေနဲ့ နေရာဆက်ရဦးမလား အတွက် နည်းပြယာဂင်ကလော့ပ်နဲ့ ဆွေးနွေးမှာပါ။ သူကိုယ်တိုင်ကတော့ ဆော်ဒီဘက်ကို ပြောင်းဖို့ကိုလည်း လက်ခံသွားဖွယ် ရှိနေပါတယ်။ ဒီတော့ ဟန်ဒါဆန် ထွက်သွားရင် အသင်းအတွက် ဘာတွေ ထိခိုက်မလဲ ဘာတွေ အကျိုးဖြစ်မလဲ လေ့လာကြည့်ကြပါမယ်။

ခေါင်းဆောင်အဖွဲ့

ဟန်ဒါဆန်ဟာ လီဗာပူးမှာ ၁၂ နှစ်ကြာ ရှိနေခဲ့သူဖြစ်ကာ ၂၀၁၅ တည်းက အသင်းခေါင်းဆောင် တာဝန်ကို စယူခဲ့တာပါ။ ဒီတာဝန်က အရမ်းကို ဖိအားများပြီး သူ့ကိုယ်တိုင်လည်း အထိုင်ကျဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ သူထွက်သွားခဲ့ရင် ဆယ်စုနှစ်ကြာ တည်ငြိမ်နေတဲ့ ခေါင်းဆောင်မှုပိုင်းမှာ ဟာကွက်တွေ ဖြစ်လာနိုင်ပါတယ်။

ဒီနွေမှာ မီလ်နာလည်း ထွက်သွားပြီမို့ အဓိက ခေါင်းဆောင် နှစ်ဦးကို လီဗာပူး အဝတ်လဲခန်းက ဆုံးရှုံးရမှာဖြစ်ပါတယ်။ ဒီရိုက်ခတ်မှုဟာ အနည်းနဲ့ အများတော့ ကြီးမားနိုင်ပါတယ်။

လုံ့ဆော်ပေးနိုင်မှု

ခေါင်းဆောင်မှုပိုင်းနဲ့ တွဲလျက်ရှိနေတာက အသင်းသားတွေကို လုံ့ဆော်ပေးနိုင်စွမ်း ဖြစ်ပါတယ်။ လီဗာပူးအဝတ်လဲခန်းမှာ အသံအထွက်ဆုံး ကစားသမား နှစ်ဦးဟာ ဟန်ဒါဆန်နဲ့ မီလ်နာဖြစ်ပါတယ်။ မီလ်နာကတော့ စည်းကမ်းပိုင်းကအစ တင်းကြပ်ပြီး ဟန်ဒါဆန်ကတော့ အနည်းငယ် ပျော့ပျောင်းတဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

ဥပမာအားဖြင့် ပြောရရင် လေ့ကျင့်ရေး နောက်ကျလို့၊ ပွဲနေ့ လူစုမှုမှာ နောက်ကျလို့ ဒဏ်ကြေးရိုက်တဲ့ ကိစ္စတွေဟာ အဝတ်လဲခန်းတွင်းမှာ ဟန်ဒါဆန်နဲ့ မီလ်နာတို့ တာဝန်ယူပေးရတာပါ။ ဟန်ဒါဆန်က တော်ရုံဆို ခွင့်လွှတ်ပေးပေမယ့် မီလ်နာကတော့ ပြတ်သားတဲ့ သဘောထားရှိပါတယ်။

မီလ်နာဟာ ကွင်းတွင်းမှာ ပွဲထွက်လူစာရင်းထဲ သိပ်မပါရလို့ ကွင်းပြင်ပ တာဝန်တွေကို ပိုယူပေးနိုင်ပါတယ်။ ဟန်ဒါဆန်ကတော့ ကွင်းထဲမှာ အသင်းဖော်တွေကို စဉ်ဆက်မပြတ် တိုက်တွန်းမှုတွေနဲ့ အာရုံစိုက်ဖို့ တွန်းအားပေးလေ့ ရှိပါတယ်။

ဗန်ဒိုက်ဟာ အသင်းခေါင်းဆောင် လက်ပတ်ကို တာဝန်ယူရာမှာ ဝေဖန်ခံရမှုတွေ ရှိထားပြီး ဒီကရှေ့ ကွင်းတွင်းကော ကွင်းပြင်ပ ကိစ္စတွေမှာပါ လိုက်လံ တာဝန်ယူပေးရမယ်ဆိုရင် ဖိအားတွေ များလာတာမျိုး ရှိနိုင်ပါတယ်။

ရေရှည်ပြဿနာကို ဖြေရှင်းနိုင်ခြင်း

ဟန်ဒါဆန်ဟာ လီဗာပူးအသင်းနဲ့ ၂၀၂၅ ခုနှစ်ထိပဲ စာချုပ်ရှိပါတော့တယ်။ အသင်းဘက်က အသက် ၃၃ နှစ်အရွယ် ကွင်းလယ်လူကို သက်တမ်းတိုးတော့မှာ မဟုတ်ပါဘူး။ လာမယ့်ရာသီ ပုံမှန်ပွဲထွက်ခွင့် ရမှာ မဟုတ်တော့တဲ့ သူ့အတွက် အသင်းဘက်က တစ်နှစ်ကို လုပ်ခ ပေါင် ၉ သန်း ပေးနေရတာ ဖြစ်ပါတယ်။

ဒီနွေမှာ ဟန်ဒါဆန်ကို ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ထွက်ခွင့်ပေးခြင်းဟာ ကလပ်ကို ဘဏ္ဍာရေးအရ အကျိုးဖြစ်စေပါမယ်။ လာမယ့်ရာသီမှာ သီယေဂိုကို အလွတ်ဖြင့် ထွက်ခွင့်ပေးတာဟာ ကလပ်ရဲ့ မျိုးဆက်သစ် ထည့်သွင်းမှုကို ရုတ်ချင်း အပြောင်းအလဲ မဖြစ်စေဘဲ ငြင်သားတဲ့ အရွှေ့တစ်ခု ဖြစ်စေပါလိမ့်မယ်။

ရင့်ကျက်လာမယ့် ထရန့်၊ ဂျူံး

လီဗာပူးအသင်းရဲ့ အင်္ဂလန်သား အစုအဖွဲ့ကို ဟန်ဒါဆန်က ဦးဆောင်ပေးပြီး တောင်အမေရိသား အုပ်စုဟာ သီယေဂို၊ အယ်လီဆန်ရဲ့ ဦးဆောင်မှုအောက်မှာ ရှိပါတယ်။ ဒီနွေမှာ လီဗာပူး ခေါ်ယူတဲ့ ကစားသမားတွေထဲ အင်္ဂလန် လူငယ်တွေလည်း မပါဝင်လို့ ဟန်ဒါဆန် မရှိခြင်းဟာ ကလပ်ရဲ့ အင်္ဂလန်သား အစုအဖွဲ့အပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ပါဘူး။

ဟန်ဒါဆန်ရဲ့ နေရာကို ရော်ဘတ်ဆန်က လွဲယူသွားလောက်ပဲ ထူးထူးခြားခြား ဖြစ်လာနိုင်ပါတယ်။ အရေးကြီးဆုံးက ဒီကရှေ့မှာ ထရန့်၊ ဂျုံးတို့ဟာ လူငယ်ကစားသမားတွေ အဖြစ်ကနေ ဖောက်ထွက်ပြီး စီနီယာတွေအဖြစ် တာဝန်ယူမှု၊ ဦးဆောင်မှုတွေ ပြသဖို့ လိုလာပါမယ်။ ဒါဟာ သူတို့တွေကို ပိုမို ရင့်ကျက်လာစေမှာ ဖြစ်ပါတယ်။

ဘာ့ဆီတစ်လို လူငယ်တွေ နေရာရနိုင်ခြင်း

ကလော့ပ်က လီဗာပူးအသင်း ကွင်းလယ်လူ ခေါ်စရာ မလိုဘူးဆိုပြီး အမြဲပြောလေ့ ရှိပါတယ်။ သူအဲ့လို ပြောရတဲ့ အကြောင်းရင်းတွေထဲက တစ်ချက်က ဟန်ဒါဆန်လို ဝါရင့် ကစားသမားတွေ ရှိနေခြင်းကြောင့်ပါပဲ။ အသင်းဟာ မျိုးဆက်သစ်တွေ အစားထိုးဖို့ လိုနေပြီး ဟန်ဒါဆန်နဲ့ မီလ်နာတို့က အကန့်အသတ် ဖြစ်စေခဲ့ပါတယ်။

ဒီနှစ်တွေမှာ အကယ်ဒမီ လူငယ်တွေကို နေရာမပေးနိုင်လို့ အပြောင်းအရွှေ့မှာ ကစားသမား ရောင်းချမှုတွေ နည်းပါလာပါတယ်။ ကလော့ပ် လက်ထက် အစောပိုင်း နှစ်တွေမှာ အကယ်ဒမီက တစ်နှစ်ကို ပေါင် သန်း ၅၀ လောက် ငွေရှာပေးနိုင်ပြီး အဲ့လို အခြေအနေမျိုး ဝေးကွာနေတာ ကာလတစ်ခု ရှိခဲ့ပါပြီ။

ဟန်ဒါဆန်ကော၊ မီလ်နာပါ ထွက်ခွာခဲ့ခြင်းဟာ ကွင်းတွင်း စွမ်းဆောင်ရည်အပေါ် ထိခိုက်မှု မရှိနိုင်ပါဘူး။ သူတို့ဟာ ကွင်းအတွင်းက မရှိမဖြစ် ကစားသမားမျိုးတွေ မဟုတ်ကြပါဘူး။ သူတို့ မရှိခြင်းဟာ ဘာ့ဆီတစ်နဲ့တကွ လူငယ်တွေအတွက် အခွင့်အရေး ဖြစ်လာဖွယ် ရှိနေပါတယ်။