

လီဗာပူးအသင်းရဲ့ စီနီယာ ကွင်းလယ်လူတွေဖြစ်တဲ့ ဟန်ဒါဆန်၊ သီယေဂိုနဲ့ ဖာဘင်ညိုတို့ဟာ ဆော်ဒီ ပရိုဘက်က ကမ်းလှမ်းမှုတွေကို ကိုယ်စီ ရရှိနေပြီဖြစ်ပါတယ်။
သူတို့ ၃ ဦးထဲက ကနဦး ချိတ်ဆက်ခံရတာက သီယေဂိုဖြစ်ပေမယ့် စပိန်သားက လက်ကျန် စာချုပ် ၁ နှစ်ကို လီဗာပူးမှာပဲ ဆက်ရှိလိုပါတယ်။ လီဗာပူးဘက်ကတော့ ကွင်းလယ်လူရဲ့ သဘောအတိုင်းဖြစ်ပြီး ဆက်နေလိုရင် ထိန်းသိမ်းဖွယ်ရှိကာ အသင်းပြောင်းလိုရင်လည်း ထွက်ခွင့်ပေးဖို့ ပြင်ဆင်ထားပါတယ်။
ဒုတိယမြောက် အဖြစ် စတီဗင်ဂျရတ် ကိုင်တွယ်နေတဲ့ Al Ettifaq အသင်းက တစ်ပတ်လုပ်ခ ပေါင် ၇ သိန်းကျော်ဖြင့် ဟန်ဒါဆန်ကို ချိတ်ဆက်နေပါတယ်။ ဆော်ဒီဘက်က လီဗာပူးအသင်းခေါင်းဆောင်၊ အင်္ဂလန်ခေါင်းဆောင် ဆိုတဲ့ ဂုဏ်ပုဒ်တွေရှိတဲ့ ဟန်ဒိုကို သူတို့လိဂ်အတွက် ခေါ်ယူလိုတာပါ။
ဆော်ဒီကလပ်ဘက်က ဟန်ဒါဆန်ကို လုပ်ခ မြင့်မြင့်မားမား ပေးပေမယ့်လို့ လီဗာပူးနဲ့ စာချုပ် ၂ နှစ် ကျန်ရှိနေတဲ့ အသင်းခေါင်းဆောင်ကို ပြောင်းရွှေ့ကြေး အများကြီး မပေးလိုပါဘူး။ လီဗာပူးဘက်ကတော့ ပေါင် သန်း ၂၀ ထိ တောင်းဆိုမှာဖြစ်ကာ ပမာဏ အများစုကို ကနဦး ပေးချေမှုအဖြစ် ရဖို့ မျှော်လင့်နေပါတယ်။
ဒီကနေ့မှာပဲ နောက်ထပ် ဆော်ဒီကလပ်ဖြစ်တဲ့ Al-Ittihad အသင်းက ဖာဘင်ညိုကို ပေါင် သန်း ၄၀ ဖြင့် ခေါ်ယူနိုင်ဖို့ လီဗာပူးအသင်းကို ကမ်းလှမ်းမှု ဝင်လာပါတယ်။ အသက် ၂၉ နှစ်အရွယ် ဖာဘင်ညိုဟာ လီဗာပူးနဲ့ စာချုပ် ၃ နှစ် ကျန်ရှိနေသူ ဖြစ်ပါတယ်။
အသင်းဘက်ကတော့ ကစားသမားတွေရဲ့ သဘောထားအတိုင်း စီမံပေးဖွယ် ရှိပါတယ်။ ဒါပေမယ့် နံပါတ် ၆ နေရာ အစားထိုးစရာ မရှိပါဘဲ ဖာဘင်ညိုကို လက်လွတ်ခံဖွယ် မရှိပါဘူး။ ဘရာဇီးသားရဲ့ အပြောင်းအရွှေ့ ဖြစ် မဖြစ်ဟာ အချိန်တိုအတွင်း သိရမှာ ဖြစ်ပါတယ်။