ဟန်ဒါဆန်နဲ့ ဖာဘင်ညိုကို လက်လွတ်ရရင် ဘယ်သူတွေကို ခေါ်ယူသွားဖို့ လီဗာပူးအသင်း ချိန်ရွယ်နေလဲ

လီဗာပူးအသင်း ကွင်းလယ်လူတွေဖြစ်တဲ့ ဟန်ဒါဆန်၊ သီယေဂိုနဲ့ ဖာဘင်ညိုတို့ကို ဆော်ဒီ ပရိုလိဂ် ကလပ်တွေဘက်က ကမ်းလှမ်းမှုတွေ ပြုလုပ်နေကာ ဒီရက်ပိုင်းအတွင်း ကစားသမားတွေဘက်က ဘယ်လို ဆုံးဖြတ်မလဲ သိရမှာ ဖြစ်ပါတယ်။

ဟန်ဒါဆန်ကို ဆော်ဒီကလပ် Al Ettifaq အသင်းက တစ်ပတ်လုပ်ခ ပေါင် ၇ သိန်းကျော် ပေးမယ့် စာချုပ်ဖြင့် ကမ်းလှမ်းမှာဖြစ်ပေမယ့် ၎င်းတို့ဟာ အသက် ၃၃ နှစ်အရွယ် လီဗာပူးအသင်းခေါင်းဆောင်အတွက် ပြောင်းရွှေ့ကြေး ပေးချေလိုခြင်း မရှိပါဘူး။

ဆော်ဒီကလပ်ဘက်က ဟန်ဒါဆန်ကို အလွတ်နဲ့တောင် ရလိုနေခြင်းဖြစ်ကာ စာချုပ် ၂ နှစ် ကျန်ရှိနေတဲ့ အသင်းခေါင်းဆောင်အတွက် လီဗာပူးဘက်က ပေါင် ၂၀ သန်း ရလိုနေကာ ပမာဏ အများစုကို ကနဦး ပေးချေမှုအဖြစ် ရဖို့ မျှော်လင့်နေပါတယ်။

ဒါ့အပြင် ဒီကနေ့မှာပဲ နောက်ထပ် ဆော်ဒီကလပ်ဖြစ်တဲ့ Al-Ittihad အသင်းက ဖာဘင်ညိုကို ပေါင် သန်း ၄၀ ဖြင့် ခေါ်ယူနိုင်ဖို့ လီဗာပူးအသင်းကို ကမ်းလှမ်းမှု ဝင်လာပါတယ်။ အသက် ၂၉ နှစ်အရွယ် ဖာဘင်ညိုဟာ လီဗာပူးနဲ့ စာချုပ် ၃ နှစ် ကျန်ရှိနေကာ သူဘာကို ဆုံးဖြတ်မလဲ အချိန်တိုးအတွင်း သိရမှာ ဖြစ်ပါတယ်။

သီယေဂိုကတော့ အသင်းမပြောင်းလိုတာမို့ လီဗာပူးမှာ တစ်ရာသီ ဆက်ကစားဖို့ ရှိပါတယ်။ စီနီယာ ကွင်းလယ်လူ ၂ ဦး လက်လွတ်ရရင် အသင်းဟာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ဝန်းကျင်ရရှိမှာဖြစ်ကာ ကွင်းလယ်လူ လူသစ် ၂ ဦးကို တိုက်ရိုက် အစားထိုးဖွယ် ရှိပါတယ်။

ရေပန်းအစားဆုံး ကစားသမားကတော့ ချန်ပီယံရှစ်ကလပ် ဆောက်သမ်တန်မှ ရိုမီယို လာဗီယာဖြစ်ကာ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူအတွက် ပေါင် သန်း ၅၀ ထက် နည်းမယ့် ပြောင်းရွှေ့ကြေးကိုပဲ လီဗာပူးဘက်က ပေးသွားမှာပါ။

နွေစျေးကွက် အစောပိုင်းက စောင့်ကြည့်ခဲ့တဲ့ ဆယ်တာဗီဂို ကွင်းလယ်လူ ဗီဂါ၊ Nice ကွင်းလယ်လူ သူရမ်၊ ဂလတ်ဘတ် ကွင်းလယ်လူ မန်နူကိုနေး၊ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်တို့အပေါ် သွေးအေးသွားခဲ့ပါပြီ။ သူတို့ကို စိတ်ဝင်စားမှုအား ပြန်အသက်သွင်းမလား စောင့်ကြည့်ရပါမယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ချီူအာမီနီအတွက် လာလီဂါကလပ်ကို အသင်းဘက်က ချိတ်ဆက်ခဲ့ပေမယ့် ရောင်းရန် မဟုတ်ဘူးလို့ အကြောင်းပြန်မှုကို ရင်ဆိုင်ထားရတယ်။ အသင်းဟာ ဘင်ဖီကာမှ ကွင်းလယ်လူ ဖလော်ရန်တီနို လူးဝစ်ကိုလည်း သဘောကျပေမယ့် တိုက်ရိုက် ချိတ်ဆက်မှု မလုပ်သေးဘူးလို့ သိရပါတယ်။