ဟန်ဒိုနဲ့ ဖာဘင်ညိုကို လက်လွတ်ရရင် လီဗာပူးအသင်းမှာ ကွင်းလယ်လူ ၇ ဦးပဲ ကျန်ရှိမည်

လီဗာပူး ကွင်းလယ်လူတွေဖြစ်တဲ့ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ကို ဆော်ဒီ ကလပ်တွေက စိတ်ဝင်စားနေခြင်းနဲ့အတူ အသင်းဟာ ကွင်းလယ်မှာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ဒီနွေမှာ မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်နဲ့ ဂျူဗင်တပ်ကနေ အငှားခေါ်ယူထားတဲ့ အာသာတို့ ထွက်ခွာသွားခဲ့ကြ​ပြီ ဖြစ်ပါတယ်။ သူတို့ဟာ အသင်းအတွက် ပွဲများစွာ ကစားပေးရသူတွေ မဟုတ်တာမို့ ကြီးကြီးမားမား သက်ရောက်မှု မရှိပေမယ့် ကွင်းလယ် လူသစ်တွေ ဖြည့်တင်းဖို့ လိုအပ်ခဲ့တာပါ။

အသင်းဟာ မြန်မြန်ဆန်ဆန်ပဲ မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့ကို ခေါ်ယူပြီးခဲ့ချိန်မှာ နောက်ထပ် စိန်ခေါ်မှုတွေကို ရင်ဆိုင်လာရပါတယ်။ ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ကို ဆော်ဒီကလပ်တွေက အလေးအနက် ချိတ်ဆက်လာခဲ့ကာ သူတို့ နှစ်ဦးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀-၆၀ သန်းကြား ရဖွယ် ရှိပါတယ်။

လက်တလောထိ ကလပ်တွေကြား တိုက်ရိုက် ချိတ်ဆက်မှု မရှိသေးပေမယ့် သူတို့ ထွက်ခွာခဲ့ရင် အသင်းဟာ ကွင်းလယ်လူ ရှားပါးခြင်းကို ရင်ဆိုင်ရဖွယ် ရှိပါတယ်။ သီယေဂိုကိုလည်း ဆော်ဒီဘက်က ချိတ်ဆက်ပေမယ့် စပိန် လက်ရွေးစင်ကတော့ မပြောင်းဖို့ ဆုံးဖြတ်ထားပါတယ်။

လက်ရှိ လီဗာပူးမှာ သီယေဂို၊ ဆိုဘိုစလိုင်၊ မက်ကယ်လစ္စတာ၊ ဟာဗေး၊ ကာတစ်ဂျုံး၊ ဘာ့ဆီတစ်နဲ့ အငှားကနေ ပြန်လာမယ့် မော်တန်တို့ ၇ ဦးပဲ ကျန်ရှိမှာပါ။ ဒီကစားသမားတွေထဲမှာ ၄ ဦးလောက်ကပဲ ပုံမှန် ပွဲထွက်ခွင့်အတွက် စိန်ခေါ်နိုင်မယ့် ကြံ့ခိုင်မှုမျိုးနဲ့ အရည်အချင်းတွေ ရှိထားပါတယ်။

လီဗာပူးအသင်းဟာ နံပါတ် ၆ နေရာအတွက် ဆောက်သမ်တန်မှ ရိုမီယို လာဗီယာကို စိတ်ဝင်စားပေမယ့် ဟန်ဒို၊ ဖာဘင်ညို နှစ်ဦး ထွက်ခွာပြီး သူ့တစ်ဦးတည်းကို ခေါ်ယူခြင်းဟာ ဆုတ်ယုတ်မှုလို့ မြင်စရာ ရှိပါတယ်။ ဒီအပတ်အတွင်း အခြေအနေ ထူးခြားလာနိုင်ပြီး အသင်းဘက်က ကွင်းလယ်ကို ထပ်မံ ဂရုစိုက်ဖို့ လိုလာနေခဲ့ပါပြီ။