

ဒီနွေမှာ ဆော်ဒီလိဂ်ထံ လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန် ထွက်ခွာနိုင်တယ် ဆိုတဲ့ သတင်းဟာ လီဗာပူးတင် မဟုတ်ဘဲ အင်္ဂလန် ဘောလုံး အသိုင်းအဝိုင်းမှာပါ အတော်လေး လှုပ်ခတ်တဲ့ သတင်း ဖြစ်လာခဲ့ပါတယ်။
ဟန်ဒါဆန်ဟာ လာမယ့်ရာသီမှာ ပုံမှန် ပွဲထွက်ခွင့် နည်းပါးမှာဖြစ်ကာ အဝတ်လဲခန်း ဦးဆောင်သူ နေရာကို ပိုမို တာဝန်ယူရမယ်လို့ သတင်းထွက်ထားခဲ့တာပါ။ ဒါပေမယ့် သူ အသင်းပြောင်းမယ့် အခွင့်အရေး ပေါ်လာမယ်လို့ ဘယ်သူကမှ မတွက်ဆခဲ့ပါဘူး။
ဟန်ဒါဆန် အပြင် ဖာဘင်ညိုကိုပါ ဆော်ဒီဘက်က စိတ်ဝင်စားလာခြင်းဟာ လီဗာပူးအသင်းရဲ့ ရာသီကြို ပြင်ဆင်မှုနဲ့ ကာလရှည် ယှဉ်ပြိုင်ရမယ့် ဘောလုံးရာသီအပေါ် ရိုက်ခတ်မှု ရှိလာမှာ ဖြစ်ပါတယ်။ အဲ့ထဲက အဓိက စကားပြောစရာ ဖြစ်လာမှာက ခေါင်းဆောင်အဖွဲ့ပဲ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ၂၀၁၅ တည်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့ ဟန်ဒါဆန်အပြင် မတူညီတဲ့ ယဉ်ကျေးမှုနဲ့ ဒေသတွေက ကစားသမားတွေကို ထိန်းကွပ်ပေးဖို့ ခေါင်းဆောင်အဖွဲ့တစ်ခုကို ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့ကို ဘောလုံးရာသီ မတိုင်ခင်တွေမှာ မဲပေး ရွေးချယ်လေ့ရှိပါတယ်။
သိသာထင်ရှားတဲ့ အပြောင်းအလဲက ၂၀၁၈ မှာ ဗန်ဒိုက်ကို တတိယ ခေါင်းဆောင် အဖြစ် မဲပေး ရွေးချယ်မှု၊ ၂၀၂၁ မှာ စတုတ္ထခေါင်းဆောင် ဝိုက်နယ်ဒမ် နေရာ အစားထိုး ရွေးချယ်မှုနဲ့ ၂၀၂၂ မှာ အယ်လီဆန်လို ခေါင်းဆောင်သစ်တွေ ပေါ်ထွက်လာမှု ဖြစ်ပါတယ်။
နောက်ဆုံး ပြုလုပ်ထားတဲ့ ခေါင်းဆောင်ရွေးချယ်မှုမှာ ဟန်ဒါဆန်၊ မီလ်နာနဲ့ ဗန်ဒိုက်တို့အပြင် ထရန့်၊ ရိုဘိုနဲ့ အယ်လီဆန်တို့ပါဝင် လာခဲ့ပါတယ်။ သူတို့ ၆ ဦးဟာ ကွင်းတွင်း ကွင်းပြင် ဦးဆောင်ခြင်း၊ စည်းကမ်းပိုင်း ချိုးဖောက်မှုတွေအတွက် ဒဏ်ရိုက်ခြင်း အပါအဝင် အဓိက ကိစ္စတွေမှာ ပါဝင် ဆုံးဖြတ်ပိုင်ခွင့် ရှိသူတွေ ဖြစ်ပါတယ်။
ဒီနွေမှာ မီလ်နာ ထွက်သွားပြီး ဟန်ဒါဆန်ပါ ထွက်ခွာခဲ့ရင် အသင်းခေါင်းဆောင် နေရာကို ကလော့ပ်က ဆုံးဖြတ်ပေးမှာထက် အဝတ်လဲခန်းတွင်း မဲပေးမှုဖြင့်ပဲ အဆုံးအဖြတ် ယူစေဖွယ် ရှိပါတယ်။
ဗန်ဒိုက်ဟာ လီဗာပူးအသင်းခေါင်းဆောင်သစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဆိုပေမယ့် အဆိုပါရာထူးအတွက် သူဟာ ရော်ဘတ်ဆန်၊ အယ်လီဆန်တို့ဖြင့် ယှဉ်ပြိုင်ရဖွယ် ရှိပါတယ်။ သူတို့ ၃ ဦးလုံးဟာ မနှစ်က ရာသီကုန်ထိ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားတွေ ဖြစ်ပါတယ်။
မနှစ်က ဘောလုံးရာသီ အများစုမှာ ဗန်ဒိုက်က အသင်းခေါင်းဆောင် တာဝန်ကို ရယူခဲ့ရကာ အတော်လည်း ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိ လူစာရင်းမှာ ဟန်ဒါဆန် ရာထူးကို လွဲယူဖို့ အသင့်လျော်ဆုံးက ဗန်ဒိုက်ပဲ ဖြစ်နေပါသေးတယ်။
ရော်ဘတ်ဆန်ဟာလည်း အဝတ်လဲခန်းတွင်း ဦးဆောင် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ ဒီနောက်ပိုင်းမှာ ဘရာဇီးအသင်းဖော်တွေနဲ့ တောင်အမေရိက အသင်းဖော်တွေကို ဦးဆောင်ပေးရင်း အယ်လီဆန်ဟာ အတော်လေး လေးစားခံလာရပါတယ်။
သူတို့ ၃ ဦးအပြင် ထရန့်၊ ဆာလာနဲ့ သီယေဂိုတို့ဟာ လီဗာပူးခေါင်းဆောင် အဖွဲ့ထဲ ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။ လီဗာပူးပရိသတ်တွေက ထရန့်ကို အနာဂတ် အသင်းခေါင်းဆောင် အဖြစ် မြင်ကြပေမယ့် အခုချိန်ထိတော့ သူဟာ လက်ပတ် ဝတ်ဆင်ဖို့ ရေပန်းစားခြင်း မရှိသေးပါဘူး။