ဖာဘင်ညိုဘက်က ဆော်ဒီထံ ပြောင်းဖို့ စိတ်ဝင်စားရိပ် ပြသလာ

လီဗာပူး ကွင်းလယ်လူ ဖာဘင်ညိုကို ဆော်ဒီကလပ် Al Ittihad အသင်းဘက်က ချိတ်ဆက်နေပြီး ကစားသမားဘက်က သဘောတူရင် ကမ်းလှမ်းမှု ဝင်မယ့် အခြေအနေ ဖြစ်ပါတယ်။

အခုချိန်မှာ ဆော်ဒီကလပ်နဲ့ ဖာဘင်ညိုရဲ့ ကိုယ်စားလှယ်တို့ဟာ စကားပြောမှု လုပ်ကြဖို့ ရှိကာ အဲ့အတွက်လည်း စီစဉ်ထားပြီ ဖြစ်ပါတယ်။ ဆော်ဒီဘက်ကတော့ ဖာဘင်ညိုကို ပေးမယ့် လုပ်ခနဲ့ စာချုပ် သက်တမ်းတို့ကို အဆိုပါ ညိနှိုင်းမှုမှာ ပြောဆိုမှာ ဖြစ်ပါတယ်။

ကစားသမားနဲ့ ဆော်ဒီကြား သဘောတူညီမှုတွေ မရသေးတာနဲ့အတူ လီဗာပူးအသင်းကလည်း တရားဝင် ကမ်းလှမ်းမှု မရသေးပါဘူး။ အစောပိုင်း သတင်းတွေအရ ဆော်ဒီဘက်က အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူကို ပေါင် သန်း ၄၀ ဖြင့် ကမ်းလှမ်းမှာပါ။

လီဗာပူးဘက်က ဒီနွေမှာ ဖာဘင်ညိုကို အစားထိုးစရာ ကစားသမား မရှိပါဘဲ လက်လွတ်ခံမှာ မဟုတ်ပါဘူး။ သူ့နေရာမှာ လူသစ်ခေါ်ရင် ပေါင် သန်း ၄၀ လောက်နဲ့ မလုံလောက်တာမို့ ဆော်ဒီဘက်က ကမ်းလှမ်းမယ့်ကြေးကို လီဗာပူးဘက်က လွယ်လွယ်ကူကူ လက်ခံပေးမယ့် သဘောမျိုး မရှိပါဘူး။

ဖာဘင်ညိုရဲ့ ဇနီးဖြစ်သူက လက်တလောမှာတင် ဆော်ဒီ အင်စတာဂရမ် အကောင့်ကို Follow လုပ်ခဲ့ကာ ကစားသမားဘက်ကတော့ လုပ်ခများများရမယ့် ဆော်ဒီကလပ်ရဲ့ ကမ်းလှမ်းမှုကို စိတ်ဝင်စားနေတယ်လို့ မှန်းဆချက်တွေ ထွက်ပေါ်နေပါတယ်။

ပရီးမီးယားလိဂ် နည်းပြဟောင်း နူနိုက သူ့အသင်း ကွင်းလယ်မှာ ကန်တေနဲ့ တွဲဘက်ဖို့ ဖာဘင်ညိုကို အလိုရှိနေတာပါ။ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာလည်း အဆိုပါ အသင်းထံ ရောက်ရှိနေတာ ဖြစ်ပါတယ်။